DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် လေကြောင်း တိုက်ခိုက်မှု ၂ဆကျော် ပိုများလာဟု ကုလ ပြော
DVB
·
September 27, 2023
မြန်မာစစ်တပ် လေကြောင်း တိုက်ခိုက်မှု ၂ဆကျော် ပိုများလာဟု ကုလ ပြော
Donate to DVB

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ အာဏာသိမ်းပြီးကာစနောက်ပိုင်း ၁၄ လအတွင်းမှာထက် နှစ်ဆကျော်ပိုမိုများပြားခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေတိုက်ခိုက်မှုဟာ စုစုပေါင်း ၆၈၇ ကြိမ်ရှိခဲ့ပြီး အာဏာသိမ်းပြီးကာစနောက်ပိုင်း ၁၄ လအတွင်းမှာထက် နှစ်ဆကျော်ပိုမိုများပြားခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။ 

လက်ရှိကျင်းပနေဆဲဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်ရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်ကာတာ့ခ် က စက်တင်ဘာ ၂၆ ရက်မှာ အစီရင်ခံစာ တင်ပြခဲ့တာပါ။ 

ပြီးခဲ့တဲ့နှစ် ဧပြီ ၁ ရက်ကနေ ၂၀၂၃ ခု ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ဆေးရရှိထားတဲ့ အထောက်အထားတွေပေါ် အခြေခံပြီး ပြုစုထားတဲ့ အစီရင်ခံစာကို မစ္စတာ တာ့ခ်က လူ့အခွင့်အရေးညီလာခံမှာ တင်ပြခဲ့တာပါ။ 

အဲဒီအစီရင်ခံစာမှာ လူ့အခွင့်အရေး၊ လူ့အသက်နဲ့ လူသားတို့ရဲ့ အခြေခံဂုဏ်သိက္ခာတွေကို မထေမဲ့မြင် အလေးမထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အမြောက်အမြားပါဝင်တယ်လို့ မစ္စတာ တာ့ခ်က ပြောပါတယ်။ 

မြန်မာစစ်တပ်ရဲ့ အဓိပ္ပာယ်မဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ လူနေမှုဘဝ၊ နိုင်ငံရေးနဲ့ စီးပွားရေး အခက်အခဲတွေဟာ မခံစားနိုင်တော့တဲ့ အခြေအနေထိ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြာင့် အသက်ကယ်အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမျိုးမှာတောင် ပြင်ပအကူအညီတွေကို ပိတ်ဆို့ထားတာဟာ ပြည်သူတွေရဲ့ ဒုက္ခကို ဖြေရှင်းပေးဖို့ထက် သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်ကိုသာ ဦးစားပေးတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို မြင်သာစေတဲ့ ဥပမာတခုဖြစ်တယ်လို့ ဆိုပါတယ်။ 

မုန်တိုင်းနောက်ဆက်တွဲ ဘေးဒုက္ခတွေနဲ့ လူမှုဘဝပြဿနာတွေကို မြန်မာစစ်တပ်က အမှန်အတိုင်း ထုတ်ပြန်ကြေညာခြင်းမရှိသလို မုန်တိုင်းအပြီး အခြေအနေတွေကို ထုတ်ပြန်တင်ပြနေတဲ့ ဓာတ်ပုံသတင်းထောက်တဦးကိုလည်း မြန်မာစစ်တပ်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်အရေးယူခဲ့ကြောင်း မစ္စတာ တာ့ခ်က ညီလာခံမှာ တင်ပြခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့အထိ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက တဆင့် အတည်ပြုနိုင်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်နဲ့ မိတ်ဖက်လက်နက်ကိုင်တွေကြောင့် သေဆုံးခဲ့ရသူ ၄၁၀၈ ဦးရှိခဲ့ပြီလို့ ဆိုပါတယ်။ 

မြန်မာစစ်တပ်ဟာ အဓိကဗျူဟာ သုံးခုဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ရွာတွေကိုမီးရှို့ခြင်းတွေနဲ့ အရပ်သားတွေကို စနစ်တကျပစ်မှတ်ထားတိုက်ခိုက်နေတာလို့ မစ္စတာ တာ့ခ်က တင်ပြခဲ့ပါတယ်။ 

မြန်မာစစ်တပ်က ပိုမိုအသုံးပြုလာတဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် လိုအပ်တဲ့ လက်နက်နဲ့ အခြားကိရိယာတွေကို ပြည်ပနိုင်ငံတွေကသာ ဝယ်ယူအသုံးပြုနေရတာကြောင့် မြန်မာစစ်တပ်ဟာ လိုအပ်တဲ့ လက်နက်ကိရိယာနဲ့ ဝန်ဆောင်မှုတွေ ရရှိရေးအတွက် နိုင်ငံခြားငွေပေါ်မှာ မီခိုနေရတာကို လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲဒါကြောင့် လက်တလော ထုတ်ပြန်ချမှတ်လိုက်တဲ့ စစ်ဘက်ဆိုင်ရာ လေယာဉ်ဆီဝယ်ယူမှု ပိတ်ဆို့တားမြစ်ခြင်းအပေါ်  ကြိုဆိုထောက်ခံတယ်လို့ မစ္စတာ တာ့ခ်က ပြောပါတယ်။ 

အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ သဘောတူညီချက် ၅ ချက်ကိုလည်း မြန်မာစစ်တပ်က ကိုယ်တိုင်သဘောတူညီထားခဲ့ပေမယ့် မသိကျိုးကျွံပြုနေဆဲဖြစ်ကြောင်းနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူမှုကူညီရေးထောက်ပံ့မှုတွေကို တားမြစ်ပိတ်ဆို့မှု မလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း မြန်မာစစ်တပ်က လေးစားလိုက်နာခြင်းမရှိကြောင်း မစ္စတာ တာ့ခ်က တင်ပြခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြောစရာစကားလုံးမရှိအောင် ဆိုးရွားလွန်တဲ့ ကပ်ဘေးဒုက္ခတွေကို တားဆီးနိုင်ရေးအတွက် နည်းလမ်းအသစ်နဲ့ ချဉ်းကပ်စဉ်းစားဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ အာဆီယံခေါင်းဆေင်တွေ သဘောတူဆုံးဖြတ်ခဲ့ကြတဲ့ သုံးဘက်ညီ ပူးပေါင်းကြိုးပမ်းမှု ယန္တရားကို ထောက်ခံကြိုဆိုကြောင်း၊ အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေကလည်း ဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနဲ့ လာမယ့်ဥက္ကဋ္ဌ တို့ရဲ့ စုပေါင်းဆောင်ရွက်မှု အကောင်အထည်ပေါ်အောင်မြင်စေရေး ပါဝင်ကူညီကြဖို့ တိုက်တွန်းကြောင်း မစ္စတာတာ့ခ်က ပြောပါတယ်။ 

အရပ်သားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့သူတွေ သူတို့ရဲ့ ပြစ်မှုတွေအတွက် တာဝန်ခံအရေးယူခံရစေရေးအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ရာမှာ သက်ဆိုင်ရာနိုင်ငံ/ အဖွဲ့အစည်းအားလုံးက ပူးပေါင်းပါဝင်ကြဖို့ကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ 

မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာက လုံလုံလောက်လောက် အာရုံမစိုက်ခဲ့တာ ကာလအတန်ကြာခဲ့ပြီဖြစ်တာကြောင့် အခုချိန်မှာ ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရုံးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တဲ့ အစီရင်ခံစာ ၈ ခုရှိခဲ့ပြီဖြစ်ကြောင်း မစ္စတာတာ့ခ်က ညီလာခံမှာ တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013