
ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တော်မှာ ဒီဇင်ဘာ ၁၉ ရက်က ဓားကိုင်ဆောင်ထားသူတယောက်က ရမ်းကားတိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲတွေ လိုက်လံဖမ်းဆီးချိန်အတွင်း အဆောက်အအုံတခုကနေ ပြုတ်ကျ သေဆုံးသွားခဲ့တယ်လို့ ဝန်ကြီးချုပ် ကျိုးရုံန်ထိုက်က ပြောပါတယ်။
အဲဒီအမျိုးသားဟာ ထိုင်ပေမြို့ရဲ့ အဓိကရထားဘူတာရုံမှာ မီးခိုးဗုံးတွေ ပစ်လွှတ်ပြီးနောက်မှာ လူစည်ကားတဲ့ ဈေးဆိုင်ခန်းတွေနယ်မြေထဲက အနီးနားရှိ မြေအောက်ရထားဘူတာကို ထွက်ပြေးပြီးတော့ လမ်းတလျှောက်ရှိ လူတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
ဒေသခံသတင်းဌာနတခုရဲ့ ဗီဒီယိုမှာတော့ အမျိုးသားတယောက်ဟာ လူစည်ကားတဲ့လမ်းမပေါ်မှာ ဓာတ်ငွေ့ဘူးတွေ ပစ်ပေါက်လိုက်ပြီးနောက်မှာ ဓားတချောင်းကို ထုတ်ကိုင်ကာ လမ်းကူးပြီးနောက် လူတွေကို ဓားနဲ့လိုက်ထိုးပြီး ဈေးဆိုင်တခုထဲကို ဝင်သွားတာ မြင်တွေ့ရပါတယ်။
လမ်းသွားလမ်းလာတွေက ရဲကိုခေါ်ဖို့ အော်ဟစ်နေကြသံတွေကိုလည်း ကြားရပါတယ်။ သေဆုံးသွားတဲ့ သံသယရှိ တိုက်ခိုက်သူဟာ အရင်ကလည်း ရာဇဝတ်မှုမှတ်တမ်းရှိပြီး ဝရမ်း ထုတ်ခံထားရသူဖြစ်ပါတယ်။
သူ့အိမ်ကို ရှာဖွေစစ်ဆေးနေကြောင်း ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
ကျူးလွန်သူအမျိုးသားဟာ မီးခိုးဗုံးတွေအပြင်၊ အခင်းဖြစ်ပွားရာနေရာမှာ မီးလောင်သွားပုံရတဲ့ ဓာတ်ဆီဗုံးတွေလိုပစ္စည်းတွေကို ပိုင်ဆိုင်ထားဖွယ်ရှိပြီး သူဟာ ခန္ဓာကိုယ်မှာ ကျည်ကာနဲ့ မျက်နှာဖုံးလို ပစ္စည်းတွေကိုလည်း ဝတ်ဆင်ထားပါတယ်။
Source: Reuters










