
ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်တလျှောက် တိုက်ပွဲတွေဆက်ဖြစ်နေလို့ နှစ်ဘက် စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ အရာရှိတွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်နယ် ၆ ခုက စာသင်ကျောင်း ၁,၀၃၉ ကျောင်း ပိတ်လိုက်ရပြီး ဆရာ၊ ဆရာမ ၉,၇၉၇ ယောက်နဲ့ ကျောင်းသား ၂၄၂,၈၈၁ ယောက်ရဲ့ ပညာရေးကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကို ကိုးကားပြီး ဒေသတွင်းသတင်းဌာန Fresh News ကဖော်ပြပါတယ်။
ထိုင်းနိုင်ငံဘက်မှာတော့ ထိုင်းအရပ်သား ၉ ယောက် သေဆုံးပြီး ကျောင်းနဲ့ ဆေးရုံ ၆၀၀ ကျော် ပိတ်လိုက်ရပြီးနောက် ထိုင်းအစိုးရက ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးဆီ တရားဝင် တိုင်ကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကမ္ဘောဒီးယားက ထိုင်းနယ်စပ်တလျှောက် နေရာအများအပြားကို အမြောက်ကြီးတွေနဲ့ တနေကုန် ပစ်ခတ်ခဲ့ပြီး ထိုင်းကလည်း တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မကြာသေးမီက ပဋိပက္ခတွေကြောင့် ထိုင်းစစ်သား ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ထိုင်းလေတပ်ကလည်း F-16 တိုက်လေယာဉ်တွေနဲ့ရော ဒရုန်းတွေနဲ့ပါ ကမ္ဘောဒီးယားနယ်မြေအတွင်း နေရာအမျိုးမျိုးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး အစိုးရပိုင်အေဂျင်စီ ကမ်ပူးချား ပရက်စ်က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ ပဋိပက္ခကြောင့် အရပ်သား ၂ ယောက် ထပ်သေဆုံးခဲ့လို့ နိုင်ငံအတွင်း အရပ်သားသေဆုံးမှု ၁၅ ယောက်ရှိလာပြီး ၇၃ ယောက် ဒဏ်ရာရခဲ့ကာ လူပေါင်း ၄ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
Source:Reuters










