DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော
DVB
·
December 15, 2025
ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော
Donate to DVB

စစ်ကောင်စီရဲ့ အကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် အသက်ရှင်နေသေးလားဆိုတာ မသေချာတော့ကြောင်းနဲ့ စိုးရိမ်တဲ့အကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) ကမ္ဘာတဝန်းလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်အတော်ကြာအောင် ဆက်သွယ်လို့မရဘဲ ဖြစ်နေကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နှလုံး၊ အရိုး၊ သွားဖုံး စတဲ့ ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို တဆင့်သာ ကြားသိရတာဖြစ်လို့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။ မိခင်ဖြစ်သူ သက်ရှိထင်ရှားမရှိတော့ရင်တောင် သူ သိနိုင်မှာ မဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျနော် သိသလောက်ဆိုရင် အခုချိန်မှာ သူ သေဆုံးပြီးသား ဖြစ်နေနိုင်ပါတယ်။ စစ်တပ်ဘက်ကလည်း အရင်နှစ်တွေတုန်းက သူ သေပြီဆိုတဲ့ ကောလာဟလတွေ၊ လေဖြတ်တယ် ဆိုတာတွေ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတော့ဘူး ဆိုတာတွေကို အကြိမ်ကြိမ် ဖြန့်ခဲ့ပါတယ်။

ကမ္ဘာအနှံ့မှာ ပဋိပက္ခတွေ အများကြီး ဖြစ်နေတဲ့အချိန် လူတွေ မြန်မာနိုင်ငံအကြောင်းကို မေ့နေကြမှာ စိုးရိမ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက အလွန်အလေးထားခဲ့ပေမဲ့ ရခိုင်ပြည်နယ်အရေးအခင်းကြောင့် နိုင်ငံတကာပုံရိပ် ကျဆင်းသွားပြီးနောက် မြန်မာ့အရေးကို လူအများ လျစ်လျူရှုလာကြောင်းလည်း အဲရစ်စ်က ဆက်ပြောပါတယ်၊

“အရင်တုန်းက နိုင်ငံတကာမှာ အမေရဲ့ ဂုဏ်သိက္ခာ အလွန်မြင့်နေတဲ့အချိန်တွေမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို လူတွေ လွယ်လွယ်နဲ့ မျက်စိပိတ်မထားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သူ့ရဲ့အနေအထား ပျက်စီးသွားပြီးနောက် အခုတော့ အဲဒီလို မဖြစ်တော့ပါဘူး။”

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို ပိုမိုပံ့ပိုးကူညီပေးဖို့လည်း ကင်မ်အဲရစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကင်မ်အဲရစ်က “ဂျပန်နိုင်ငံအနေနဲ့ ခုခံတော်လှန်ရေးကို ပိုမိုပြီး ထောက်ခံကူညီပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ကြားနေရေးဆိုတာ ရှိမှန်း ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ဘယ်လိုဖြစ်နေလဲဆိုတာ မြင်နေရတဲ့အချိန်မှာတော့ ရပ်တည်ချက်တခု ချမှတ်ရမဲ့အချိန် ရောက်ပါပြီ” လို့ ပြောပါတယ်။

ဖြစ်ပါတယ်။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က နေပြည်တော်မှာ အကျဉ်းချထားပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မပေးဘဲ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

ကင်မ်အဲရစ်က “အမေက အသက် ၈၀ ရှိပြီ၊ ကျန်းမာရေးပြဿနာတွေ ဆက်ရှိနေတယ်။ ဘယ်သူမှ အမေကို ၂ နှစ်ကျော် မတွေ့ရသေးဘူး။ မိသားစုနဲ့ ထိတွေ့ခွင့်မရတာထားဦး၊ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်မရဘူး။ ဒါကြောင့် ကျနော်ရဲ့ အဓိက အာရုံစိုက်မှုကတော့ သူတို့တွေကို မေမေကို လွှတ်ပေးဖို့ အယူခံဝင်ဖို့ ကြိုးစားဖို့ပါပဲ။ ဒါမှမဟုတ် လွှတ်ပေးဖို့က ရရှိဖို့ ခက်ခဲနိုင်တယ်ဆိုရင်၊ အနည်းဆုံးတော့ ရန်ကုန်မှာရှိတဲ့ မေမေ့ရဲ့ ကိုယ်ပိုင်အိမ်ခေါင်မိုးအောက် နေအိမ်အချုပ်နဲ့ ပြန်ရွှေ့ဖို့၊ ပြီးတော့ မေမေ့ရဲ့ အခြေအနေကို လွတ်လပ်တဲ့ အတည်ပြုချက်ရရှိဖို့ သေချာစေဖို့နဲ့ မိသားစုနဲ့ ထိတွေ့ခွင့်ရပြီး အသည်းအသန်လိုအပ်နေတဲ့ ပြုစုစောင့်ရှောက်မှုကို ရရှိနိုင်အောင် မေမေ့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ပါပဲ။ ကျနော် နားလည်သလောက်ဆိုရင် မေမေရဲ့ နှလုံးရောဂါအခြေအနေက ပိုဆိုးလာနေတယ်၊ နှလုံးရောဂါက ဘယ်အချိန်မဆို အသက်ဆုံးသွားနိုင်တယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်”လို့ ပြောပါတယ်။ 

သူက မိခင်ဖြစ်သူဟာ နေပြည်တော်မှာ ထိန်းသိမ်းခံထားရတယ်လို့ ယုံကြည်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံးရခဲ့တဲ့စာထဲမှာ အကျဉ်းခန်းတွင်း နွေနဲ့ ဆောင်းရာသီတွေမှာ အပူချိန်လွန်ကဲမှုကို ခံစားရကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကျင်းပဖို့ ကြိုးစားနေတဲ့ လာမဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ဖိအားပေးဖို့လို့တယ်လို့လည်း ကင်မ်က Reuters သတင်းဌာနကို ပြောပါတယ်။ 

ဂျပန်နိုင်ငံကို ခရီးစဉ်အတွင်း ကင်မ်အဲရစ်က ဂျပန်နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီအပေါ်မှာ ပိုမိုပြင်းထန်တဲ့ ရပ်တည်ချက်မျိုးထားရှိဖို့နဲ့  ရွေးကောက်ပွဲကို ပယ်ချဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကင်မ်အဲရစ်က “စစ်တပ်က ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲတွေဟာ လုံးဝမတရားဘူး၊ လွတ်လပ်မှုနဲ့ ဝေးကွာလွန်းလို့ ဝမ်းနည်းစရာမကောင်းဘူးဆိုရင် ရယ်စရာကောင်းလောက်တယ်ဆိုတာ ကျနော်တို့ အားလုံးသိကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာရဲ့ အာရုံဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို နည်းနည်းပိုပြီး အာရုံစိုက်နေတဲ့ ဒီအခိုက်အတန့်လေးကို ကျနော်တို့ အခွင့်ကောင်းယူဖို့ လိုပါတယ်။ ပြီးတော့ ကျနော့် မေမေဟာ အခုဆို ၅ နှစ်နီးပါး ချုပ်နှောင်ခံထားရပြီးပါပြီ၊ စစ်တပ်အပေါ် ကျနော် ထပ်ပြီး ဖိအားပေးနိုင်သမျှ အကုန်လုံးကို ယူပြီးတော့ ရွေ့လျားနိုင်တဲ့ အရာတွေကို ရွေ့လျားအောင် အကောင်းဆုံး ကြိုးစားရမှာပါပဲ”လို့ ပြောပါတယ်။

ကင်မ်အဲရစ်က ဂျပန်နိုင်ငံခရီးစဉ်အတွင်းမှာ ဂျပန်ရောက် မြန်မာပြည်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က  All In One Piece Movement လှုပ်ရှားမှုအဖြစ် တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့ကို သွားရောက်ပြီး မိခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ အပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဝေဝေ

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013