DVB Logo
Home
နိုင်ငံတကာ
NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ရုရှားက ၅ နှစ်အတွင်း တိုက်ခိုက်နိုင်ဟု သတိပေး
DVB
·
December 13, 2025
NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ရုရှားက ၅ နှစ်အတွင်း တိုက်ခိုက်နိုင်ဟု သတိပေး
Donate to DVB

လာမဲ့ ၅ နှစ်အတွင်း NATO အဖွဲ့ဝင်နိုင်ငံတခုကို ရုရှားဘက်က တိုက်ခိုက်လာနိုင်ကြောင်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အကြီးအကဲ မတ်ခ်ရူတေက နောက်တကြိမ် သတိပေးလိုက်ပါတယ်။

မတ်ခ်ရူတေက “ရုရှားက ကျုပ်တို့ လူမှုအဖွဲ့အစည်းအပေါ် ဆန့်ကျင်တိုက်ခိုက်တဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေကို အရှိန်မြှင့်လျက် ရှိပါတယ်။ ကျနော်တို့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲအတိုင်းအတာမျိုး ပြင်ဆင်ထားရပါမယ်”လို့ ဘာလင်မြို့မှာ ပြောကြားခဲ့တာပါ‌။

အဲဒီနောက် ရုရှားရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အေဂျင်စီအလိုက် ထုတ်ပြန်ထားတဲ့ သတိပေးချက်ကို မော်စကိုဘက်က “စိုးရိမ်မှုလွန်ကဲနေတာသာ” ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

အခုလအစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဥရောပနဲ့ စစ်တိုက်ဖို့ အစီအစဉ် မရှိပေမဲ့ စစ်ပွဲကိုလိုချင်ရင်တော့ “ချက်ချင်းလက်ငင်း” အသင့်ရှိတယ်ဆိုပြီး သတိပေးထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၂ သိန်းနဲ့ ယူကရိန်းနယ်စပ် ဖြတ်ကျော်ပြီး မကျူးကျော်ခင်ကလည်း အလားတူ အာမခံချက်မျိုးကို ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လက်ရှိစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင်က နှစ်ဖက်စလုံးကို တွန်းအားပေးနေပါတယ်။

တဖက်မှာ အမေရိကန်ရဲ့  ငြိမ်းချမ်းရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ဖို့ ကြိုးပမ်းခြင်းအားဖြင့် ဥရောပနိုင်ငံတွေဟာ စစ်ပွဲအဆုံးသတ်ရေး အားထုတ်ကြိုးပမ်းမှုတွေအပေါ် အနှောင့်အယှက် ပေးနေတယ်လို့ ပူတင်က စွပ်စွဲထားပါတယ်။

အစောပိုင်းမှာ ဒီငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းကို ယူကရိန်းနဲ့အတူ ဥရောပနိုင်ငံတွေက ရုရှားဘက် အလေးပေးထားတယ်လို့ ရှုမြင်ထားတဲ့အလျောက် အခုချိန်အထိ အငြင်းပွားနေခဲ့တာ ဖြစ်ပါတယ်။

NATO မဟာမိတ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ်ရူတေကတော့ ယူကရိန်းကို ကူညီထောက်ပံ့တာဟာ ဥရောပရဲ့ လုံခြုံရေးအတွက်ပါ အာမခံရာရောက်ကြောင်း ပြောဆိုသွားပါတယ်‌။

ဒါ့အပြင် “အတော်များများဟာ မိမိဘာသာ တိတ်တိတ်ကလေး ကျေနပ်နေကြပါတယ်။ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတဲ့ ခံယူချက်မျိုး မရှိကြတာနဲ့ ကျနော်တို့ဘက်မှာ အချိန်ရှိသေးတယ်လို့ ယုံကြည်နေကြတာကြောင့် စိုးရိမ်မိပါတယ်” လို့လည်း ဖြည့်စွက် ပြောပါတယ်။

တချိန်တည်းမှာ ရုရှားက တလကို တင့်ကားအစီးရေ ၁၅၀၊ ခြေလျင်တိုက်ခိုက်ရေး ယာဉ်ပေါင်း ၅၅၀၊ လန်းဆတ် (Lancet) အသေခံဒရုန်းပေါင်း ၁၂၀ နဲ့ အမြောက်လက်နက်ကြီး ၅၀ ကျော်အထိ ထုတ်လုပ်နေပါတယ်။

အခုလိုမျိုး ရုရှားရဲ့ လက်နက်အများအပြား ထုတ်လုပ်နိုင်စွမ်းကို အနောက်မဟာမိတ်အုပ်စုက လိုက်မီဖို့အတွက်ဆိုရင် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။

ကနေဒါနဲ့ အမေရိကန် အပါအဝင် ဥရောပနိုင်ငံပေါင်း ၃၀ အထိ NATO အဖွဲ့ဝင်အဖြစ် ရှိနေကြပြီး ထရမ့်ပ်ရဲ့ ဖိအားပေးမှုအရ သက်ဆိုင်ရာနိုင်ငံအလိုက် စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့အတွက် ကတိပြုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013