DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်လုပ်ငန်းကနေ အကျိုးအမြတ်မရရှိဟု စစ်ကောင်စီပြော  
DVB
·
December 12, 2025
ကျားဖြန့်လုပ်ငန်းကနေ အကျိုးအမြတ်မရရှိဟု စစ်ကောင်စီပြော  
Donate to DVB

အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း တည်ရှိနေပေမဲ့ အဓိကအကျိုးအမြတ် ရရှိသူ မဟုတ်ဘူးလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ 

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းပြီးနောက်  ဒီဇင်ဘာ ၁၁ ရက်က ပထမဆုံးပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောတာဖြစ်ပါတယ်။

ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအတွင်း တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ရှုမြင်ရမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ Scam Centre တည်နေရာဖြစ်ပေမဲ့လည်း ဒီရာဇဝတ်မှုတွေရဲ့ အရင်းအမြစ်နဲ့ အဓိကအကျိုးအမြတ် ရရှိသူမဟုတ်ပါဘူး။ ဒီလုပ်ငန်းအတွက် လူကုန်ကူးခံရသူအားလုံးလည်း မြန်မာနိုင်ငံသားတွေ မဟုတ်သလို လိမ်လည်မှုကရရှိတဲ့ ငွေကြေးအားလုံးကလည်း မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်အတွင်းရောက်ရှိ လာခြင်းမရှိပါဘူးလို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းကနေ အကျိုးအမြတ်မရဘူးလို့ စစ်ကောင်စီက ပြောနေပေမဲ့ လက်တွေ့မှာတော့ ရွှေကုက္ကိုနယ်မြေနဲ့ KK Park  ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီတပ်ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီတပ်ရဲ့ မဟာမိတ် DKBA တပ်တွေက အကာအကွယ်ပေးထားပြီး အကျိုးတူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံသားကျားဖြန့်ဂိုဏ်းသားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ အကျင့်ပျက် ဝန်ထမ်းတွေက လာဘ်ငွေယူ မှတ်ပုံတင်ပြုလုပ်ပေးပြီး မြန်မာနိုင်ငံထဲ ခေါ်သွင်းနေတာတွေ လည်းရှိနေပါတယ်။

ကရင်ပြည်နယ်အတွင်း ကူညီကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံခြားသားတွေရဲ့ ထွက်ဆိုချက်တွေအရ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ ဝင်ရောက်ပြီး ဘန်ကောက်ကနေ မဲဆောက်၊ မဲဆောက်ကတဆင့် သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးကာ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီတွေကို သွားရောက်ကြသလို တရားဝင်ဗီဇာနဲ့ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တဆင့်လည်း မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီကို သွားရောက်ကြတာလို့ ဆိုပါတယ်။

ရာခိုင်နှုန်းအားဖြင့် မဲဆောက်ဘက်က ကူးလာသူ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းလမ်းကြောင်းက သွားရောက်သူ ၀ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သက်ဆိုင်ရာသံရုံးတွေအနေနဲ့ ၎င်းတို့နိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ ဖော်ပြီး အကူအညီတောင်းခံကြပေမဲ့ စိစစ်တွေ့ရှိချက်အရ အချို့ဟာ လူကုန်ကူးခံရသူတွေ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့လည်း ကော်မတီဥက္ကဋ္ဌက  ပြောပါတယ်။

Scam Centre တွေ လည်ပတ်ဖို့ လိုအပ်တဲ့ဝန်ထမ်းအင်အားကို တရားမဝင်နယ်စပ်လမ်းကြောင်းကတဆင့် လူကုန်ကူးကြပြီး တရားမဝင်နယ်စပ်ကုန်သွယ်ရေးဟာ Scam Centre တွေအတွက် ငွေကြေးခဝါချဖို့ လမ်းကြောင်းတွေ ဖန်တီးပေးနေသလို လူကုန်ကူးခံရသူတွေ သယ်ယူပို့ဆောင်ဖို့လမ်းကြောင်းတွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ငံခြားသား ၇၀၀၁၆ ယောက် စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့သလို နယ်စပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ အဆောက်အအုံတွေကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013