
ကျူးဘားနိုင်ငံရဲ့ ဆယ်စုနှစ်များစွာအတွင်း လူသိအများဆုံး အဂတိလိုက်စားမှုတမှုကို လျှို့ဝှက်တရားခွင်မှာ တံခါးပိတ်စစ်ဆေးခဲ့ရာမှာ စီးပွားရေးဝန်ကြီးဟောင်း အာလက်ဟန်ဒရို ဂီလ် ဖာနန်ဒက်ဇ်ကို သူလျှိုလုပ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတော်တရားရုံးချုပ်က ဒီဇင်ဘာ ၈ ရက်မှာ ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။
တရားရုံးဟာ စီးပွားရေးဝန်ကြီးဟောင်းကို ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုမှာ လာဘ်ပေးလာဘ်ယူမှု၊ အများပြည်သူဆိုင်ရာ စာရွက်စာတမ်းများကို လိမ်လည်မှု၊ မလျော်ဩဇာသုံးပြီး အရောင်းအဝယ် ခြယ်လှယ်မှုနဲ့ အခွန်ရှောင်မှု အပါအဝင် အဂတိလိုက်စားမှု စွဲချက်အမျိုးမျိုးနဲ့ အပြစ်ရှိကြောင်း ထပ်မံဆုံးဖြတ်ခဲ့ပါတယ်။ ဂီလ်ကို အဲဒီပြစ်မှုတွေအတွက် ထောင်ဒဏ် နှစ် ၂၀ တစုတပေါင်းတည်း ကျခံဖို့ ချမှတ်ခဲ့ပါတယ်။
တချိန်က သမ္မတ မီဂဲလ် ဒိယာဇ်-ကာနဲလ်ရဲ့ အနီးကပ် ယုံကြည်ရသူ ဖြစ်ခဲ့ဖူးတဲ့ စီးပွားရေးဝန်ကြီးဟောင်း ဂီလ်ဟာ ၂၀၂၁ ခုနှစ်မှာ ကျူးဘားနိုင်ငံရဲ့ အဓိက ငွေကြေးပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့ပြီး အဲဒီပြုပြင်ပြောင်းလဲမှုတွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ စီးပွားရေးအတွက် ကပ်ဘေးတခုအဖြစ် အများအားဖြင့် ရှုမြင်ခဲ့ကြတာပါ။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတ ဒိယာဇ်- ကာနဲလ်က ဂီလ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရာထူးက နုတ်ထွက်ချိန်က တရားဝင်ထုတ်ပြန်ချက်တွေမှာတော့ ဒုတိယဝန်ကြီးချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂီလ်ကို “ဧရာမ အမှားအယွင်းတွေ” နဲ့ စွပ်စွဲခဲ့ကြောင်းသာ ဖော်ပြထားပါတယ်။
ဂီလ်ကို ရုံးတင်စစ်ဆေးချိန်အထိ မြင်တွေ့ကြားသိခဲ့ရခြင်းမရှိဘဲ သူ့တည်နေရာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ ကျူးဘားရှေ့နေချုပ်က ဂီလ်နဲ့ တခြား အမည်မဖော်လိုတဲ့ တရားခံတွေအပေါ် သူလျှိုလုပ်ငန်းကနေ ငွေကြေးအလွဲသုံးစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုအထိ အမျိုးမျိုးရှိတဲ့ စွဲချက်စာရင်းရှည်တခုကို ထုတ်ပြန်ခဲ့ပြီး ဒါတွေဟာ သူတို့ ၂ နှစ်နီးပါး စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
ရိုက်တာသတင်းဌာနဟာ ဂီလ် သို့မဟုတ် သူ့ရှေ့နေဆီကို မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ တရားခံဟာ ၁၀ ရက်အတွင်း ပြစ်ဒဏ်တွေကို အယူခံဝင်ခွင့် ရှိပါတယ်။
Source: Reuters










