
ကျူးဘားနိုင်ငံဟာ လတ်တလော လတွေအတွင်း ခြင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် လူ ၃၃ ယောက် သေဆုံးကြောင်း ဒီဇင်ဘာ ၁ ရက်က အတည်ပြုခဲ့ပြီး ကပ်ရောဂါဟာ လူဦးရေရဲ့ အနည်းဆုံး ၃ ပုံ ၁ ပုံကို ထိခိုက်စေခဲ့တယ်လို့ တရားဝင်အစီရင်ခံစာတွေအရ သိရပါတယ်။
ကာရစ်ဘီယံ ကျွန်းနိုင်ငံတဝန်းမှာ သွေးလွန်တုပ်ကွေးနဲ့ ချီကွန်ဂန်ညာ ဗိုင်းရပ်စ် ၂ မျိုးက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး ပြီးခဲ့တဲ့သီတင်းပတ်ကုန်ချိန်အထိ အာဘိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၃၃ ယောက်ရှိတယ်လို့ ကျူးဘား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကာရီလ်ဒါ ပီနာ က ပြောကြားခဲ့ပါတယ်။
အာဘိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃ ယောက်ထဲက ၁၂ ယောက်မှာ သွေးလွန်တုပ်ကွေးရောဂါ ရှာဖွေတွေ့ရှိရပြီး သူတို့ထဲက ၇ ယောက်မှာ အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်းနဲ့ ချီကွန်ဂွန်ညာရောဂါ ရှာဖွေတွေ့ရှိရသူ ၂၁ ယောက်ရှိပြီး သူတို့ထဲက ၁၄ ယောက်ဟာ အသက် ၁၈ နှစ်အောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဝန်ကြီးက ဘယ်နေ့ဘယ်ရက်မှာ သေဆုံးတယ်ဆိုတဲ့ ရက်အတိအကျကိုတော့ မပြောပါဘူး။
ကျူးဘားနိုင်ငံမှာ ကပ်ရောဂါက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး သေဆုံးမှုတွေက ပိုမိုဆိုးရွားတဲ့သတင်းတွေ ဖြစ်ပါတယ်။
ကျူးဘားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြတ်လပ်မှုကို ဖြစ်ပေါ်စေတဲ့ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းတွေကြားမှာ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒေသခံ၊ ဒါရီလစ်စ် ဖာရာက “ဗိုင်းရပ်စ်ကူးစက်ခံထားရတာ ၂ လနီးပါးရှိနေပေမဲ့ ဆရာဝန်တွေက ပါရာစီတမော သောက်ပြီး ရေများများသောက်ဖို့ပဲ ပြောခဲ့ပြီး တကယ်လိုချင်တာက လူတွေ ပိုကောင်းလာစေမယ့် ကာကွယ်ဆေး၊ ဒီဗိုင်းရပ်စ်ကို ဖြေရှင်းပေးနိုင်တဲ့ ကာကွယ်ဆေးကို ရဖို့ပါပဲ”လို့ ပြောပါတယ်။
ဒေသခံ ရာအူးလ် အီချန်နီက “နေ့တိုင်း လူတွေ နေမကောင်းဖြစ်နေတာကို မြင်နေရပြီး နိုင်ငံတော်က ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေ မလုံလောက်တော့ဘူး။ သူတို့ ဒီအစီအမံတွေကို နည်းနည်းပိုတိုးမြှင့်ဖို့ လိုအပ်နေပါပြီ” လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ကျူးဘားမှာ အချိန်ကြာမြင့်စွာကတည်းက ကပ်ဘေးကျရောက်နေခဲ့ပေမဲ့ ရန်ပုံငွေနဲ့ လောင်စာဆီပြတ်လပ်မှုကြောင့် အစိုးရရဲ့ ပိုးသတ်ဆေးဖျန်းခြင်း၊ လမ်းဘေးအမှိုက်တွေကို ရှင်းလင်းခြင်းနဲ့ ယိုစိမ့်နေတဲ့ ပိုက်တွေကို ပြုပြင်ခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်း အဟန့်အတား ဖြစ်တာနဲ့အမျှ ပိုမိုဆိုးရွားလာခဲ့တာပါ။
တချိန်က ကျွန်းပေါ်မှာ ရှားရှားပါးပါးသာ ဖြစ်ပွားခဲ့ဖူးတဲ့ ချီကွန်ဂန်ညာ ဗိုင်းရပ်စ်ဟာ သိပ်မကြာသေးတဲ့လတွေအတွင်းမှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။
အေးဒီးစ်ခြင်မျိုးစိတ်တွေမှ အဓိက ကူးစက်ပြီး သွေးလွန်တုပ်ကွေးနဲ့ ဇီကာရောဂါတွေကိုလည်း သယ်ဆောင်တဲ့ ချီကွန်ဂန်ညာ ဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသမှုမရှိပါဘူး။
လူနာအများစုဟာ ဆေးရုံတက် ကုသခံဖို့ မလိုအပ်တာကြောင့် အစိုးရအနေနဲ့ လူနာအများစုကို မတွေ့ရှိရကြောင်း ဝန်ခံထားပေမဲ့ ကျန်းမာရေးဒုဝန်ကြီး ပီနာက ပြီးခဲ့တဲ့အပတ်အတွင်း ချီကွန်ဂန်ညာ ကူးစက်ခံရသူ ၅,၇၁၇ ဦး ရှိခဲ့ကြောင်း ပြောခဲ့ပါတယ်။
Photo:Reuters










