
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ CDM ပြုလုပ်ထားတဲ့ ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေါက်တာ ခင်သူသူလွင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ မင်းကင်းမြို့နယ် ဆေးရုံကနေ CDM ပြုလုပ်ပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို လက်နက်ကိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က သင်တောရွာက ဆေးခန်းမှာ ဝင်ရောက်ပြီး လက်ထိတ်ခတ် အတင်းအကျပ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်နဲ့ နီးစပ်သူတယောက်က “ဆရာဝန်ကြီးက မင်းကင်းမြို့နယ် သင်တောရွာမှာပဲ ဆေးခန်း ထိုင်တာပါ။ ဆရာဝန်ကြီးက လူထုအခြေပြု ကျန်းမာရေးကို လုပ်နေတာပါ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာလည်း မပြောဘူး။ မေးစရာရှိလို့ဆိုပြီး အတင်းအဓမ္မ ဆွဲခေါ်သွားတာ။ အခုထိ ဧည့်တွေ့ခွင့်လည်း မရှိဘူး။ ဘယ်ကိုခေါ်သွားလဲ ဆိုတာလည်း ကျနော်တို့လည်း မသိရဘူး။ ကြားတာကတော့ မြို့နယ် ပဖလ ဆီကို ခေါ်သွားတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။
အဲဒီကိစ္စကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖုန်းဆက်သွယ်ပေမဲ့ ဖုန်းလိုင်းတွေ မရတာကြောင့် ဆက်သွယ်မေးမြန်းခွင့် မရခဲ့သလို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကို အကြိမ်ကြိမ် ဖုန်းဆက်သွယ်ပေမဲ့လည်း မရခဲ့ပါဘူး။
မင်းကင်းမြို့နယ် ဒေသခံတယောက်က “ဆွေးနွေးစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ဖမ်းသွားတာပါ။ ဆရာမက မွေးလူနာတွေကိုလည်း မီးဖွားပေးပါတယ်။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကိုလည်း ကုသပေးပါတယ်။ ဒါကြီးက မတရားဘူး ဆိုတာ သိတယ်ဗျာ။ ဆရာဝန်ကြီးကို မေးစရာရှိတယ်ဆိုလို့ရှိရင် ဆရာဝန်ကြီးရှိတဲ့ ဆေးခန်းမှာ စကားပြောလို့ ရတယ်။ လက်မခံနိုင်ဘူး။ ဒီလိုလုပ်ရပ်ကို ရှုတ်ချပါတယ်။ ပြည်သူမှာက လက်နက် မရှိဘူးလေ။ CDM တွေလည်း ကြောက်နေရပြီ”လို့ ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ CDM ပြုလုပ်ပြီးနောက် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နုတ်ထွက်ကာ ကျန်းမာရေးလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ကိုင်နေတာပါ။
ဆရာဝန်ကြီးဟာ မန္တလေးသူဖြစ်ပြီး CDM လုပ်ပြီးနောက် မင်းကင်းဒေသမှာ နယ်လှည့်ပြီး ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာ၊ စာသင်ကျောင်းတွေက Grate 12 အောင် ကျောင်းသားတွေကိုလည်း ပညာသင်ကြားနိုင်ဖို့ ဆက်ကူညီပေးတာတွေရှိသလို ဆေးသင်တန်းတက်လိုတဲ့ ကလေးတွေကိုလည်း သင်ကြားပေးနေပါတယ်။
မင်းကင်းမြို့နယ်မှာ CDM ကျောင်းဆရာမ၊ CDM မီးသတ်ဝန်ထမ်း၊ ကျန်းမာရေး CDM နဲ့ အခွန်ဘဏ္ဍာက ဒုဦးစီး CDM တို့လည်း ပြီးခဲ့တဲ့နှစ်တွေက ပလဖ က ဖမ်းဆီးခဲ့ဖူးပါတယ်။











