DVB Logo
Home
မြန်မာသတင်း
အညာတွင် ပြည်သူပစ်မှတ်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပိုတိုးလာ
DVB
·
November 26, 2025
အညာတွင် ပြည်သူပစ်မှတ်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပိုတိုးလာ
Donate to DVB

ရွေးကောက်ပွဲ ရက်နီးလာတာနဲ့အမျှ အညာ မြေပြန့်ဒေသ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလာပြီး နေ့စဉ်လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ သေကျေပျက်စီးနေရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူတွေက ပြောပါတယ်။

DVB က ပြုစုထားတဲ့ စာရင်းအရ အဲဒီ တိုင်းဒေသသုံးခုမှာ နိုဝင်ဘာ ၁ ရက်ကနေ ၂၅ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် အနည်းဆုံး အရပ်သား ၄၀ ကျော်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မြောက်ချွန်း၊ ရွာဘ၊ အင်ကုန်းကြီး စတဲ့ရွာတွေနဲ့ ရွှေမျောနေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၀ ယောက် ဝန်းကျင် ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တာ မရှိဘဲ ရွှေမျောနဲ့ အရပ်သားတွေ ရှိတဲ့ ရွာထဲကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ မင်းကင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

“ဗုံး သုံးလုံး ချတာ။ ရွာဘမှာ တလုံးချတယ် မကွဲဘူး။ အင်ကုန်းကြီး စာသင်ကျောင်းမှာ တလုံးကွဲတယ်။ တတိယ တလုံးက မြောက်ချွန်း ရွှေမျောမှာ ကျတယ်။ ကျောင်းထဲကျတာက ကျောင်းပိတ်ထားလို့ အထိခိုက်မရှိဘူး။ ရွှေမျောအတွင်းက ဈေးရောင်း၊ မျောမောင်းတွေရှိတော့ ၁၀ ဝန်းကျင်လောက် ထိခိုက်ခဲ့တာ ရှိတယ်။ မင်းကင်းမှာ တိုက်ပွဲ မရှိတာကြာပြီ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ဒီအတိုင်း လာပစ်သွားတာ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ မင်းကင်း လောင်းပြည့်ကျွန်း ရွှေမျောလုပ်ကွက်တွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ဒါဇင်နဲ့ချီ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တန့်ဆည်နဲ့ ပုလဲမြို့နယ် နှစ်ခုကိုလည်း နိုဝင်ဘာ ၂၄ ရက် တရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကို အကြောက်တရား ထည့်ပေးပြီး မဲထည့်လာဖို့ စည်းရုံးနေတဲ့ သဘောလို့ ယင်းမာပင်ခရိုင် ကာကွယ်ရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

"ပြည်သူလည်း မပါ၊ ပါတီလည်း မစုံ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ သူတို့က (စကစ) ကြုံးဝါးထားတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပေါင်းထားတဲ့ ပါတီကို မဲထည့်စေချင်တယ်။ သူ့စည်းရုံးရေးက ပြည်သူကို အကြောက်တရား ထည့်ပေးပြီး မဲထည့်လာဖို့ လိုချင်နေတာ။ ဆေးရုံ ဆေးခန်းတွေ၊ ပြည်သူ့နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ လိုက်ပြီး ဗုံးကြဲချနေတာက သူတို့က (စကစ) အကြောက်တရားနဲ့ မဲစည်းရုံးရေးဝင်နေတယ်လို့ သုံးသပ်ရတယ်။"

၁၀၂၇ စစ်ဆင်ရေး စတင်လာပြီးနောက် အညာဒေသ စစ်ကိုင်း၊ မကွေးမှာ မြေပြင်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု အတော်လေး နည်းပါးသွားကာ တရုတ်အကူညီနဲ့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အပစ်ရပ်လိုက်ရပြီးနောက် အညာဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ ပြန်စလာတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် အညာဒေသမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံး ပြုလုပ်နေတဲ့ Mi-35 ရဟတ်ယာဉ်၊ Y12 လေယာဉ်တွေထက် ဆီစားနှုန်းနဲ့ ကုန်ကျစရိတ် သက်သာတဲ့ ဂျိုင်ရိုကော့ပတာ၊ ပါရာမော်တာတွေနဲ့ပါ ဝေဟင်က ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာလည်း ကနီမြို့နယ် ဝင်းမနားတိုက်နယ်ဆေးရုံးကို စက်တပ်လေထီး ပါရာမော်တာနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ဆေးကုသမှု ခံယူနေတဲ့ လူနာခုနစ်ယောက်နဲ့ ဝန်ထမ်းတယောက် စုစုပေါင်း ၈ ယောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာဒေသမှာ အစုလိုက် အပြုံလိုက် သေဆုံးစေတဲ့ ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်နေပြီး အောက်တိုဘာ ၆ ရက်နေ့ည သီတင်းကျွတ်လပြည့် ဆီမီးသပိတ်လုပ်နေတဲ့ ချောင်းဦးမြိုန့ယ် ဘုံတိုရွာကို စက်တပ်လေးထီး ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့လို့ ကလေးအပါဝင် ၂၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ မရှိလည်း ဝေဟင်ကနေ မြင်မြင်သမျှ ဗုံးကြဲနေလို့ လေကြောင်းရန် အမြဲ သတိထားနေရတယ်လို့ ဒီပဲယင်းနယ်က ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ လေကြောင်းက PDF တွေကို တိုက်ဖို့ ချေမှုန်းဖို့ထက် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့က အဓိကလို ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ လာလာ ပစ်သွားတယ်။ ပြီးတော့ တောထဲမှာ ဒေသခံ ပြည်သူတွေ ဟင်းစားရှာနေရင်လည်း ပါရာမော်တာနဲ့ အပေါ်က ကြည့်လို့ လှုပ်စိလှုပ်စိ ဖြစ်နေတာကို မြင်လို့ ဗုံးချလိုက်တာ အောက်က ပြည်သူက သေဆုံးသွားတယ်။ ဒီလို ဖြစ်စဉ်တွေက အညာမှာက ပုံမှန်လိုကို ဖြစ်လာနေပြီ။ ရွာမှာနေရင်လည်း မလုံခြုံဘူး၊ တောထဲမှာ ပုံးနေရင်တောင် မလုံခြုံဘူး။ စစ်ကောင်စီက မြင်မြင်သမျှ ဗုံးကြဲချနေတာဆိုတော့ အမြဲ အပေါ်က သတိထားပြီး နေနေရတယ်။"

ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဝက်လက် မြို့နယ်တွေမှာ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှု ရဖို့ လနဲ့ချီကြာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၅၀ ထက်မနည်းက ဒေသခံ သောင်းနဲ့ချီလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက အညာမြေမှာ နေ့စဉ် ဝေဟင်ကနေ ဗုံးကြဲနိုင်ဖို့ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာ စတဲ့ ကုန်ကျစရိတ်သက်သာတဲ့ အပျော်စီးယာဉ်တွေကို အသုံးပြုပြီး အရပ်သားတွေရှိမဲ့ ဈေး၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရွာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေသလို ရွေးကောက်ပွဲ အပိုင်း (၁) မှာပါတဲ့ မြို့နယ်တွေမှာလည်း မြေပြင်ကနေ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ဒီနှစ်ထဲ ပိုတိုးလုပ်လာပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ပြုစုထားတဲ့ စာရင်းအရ နိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၂,၆၁၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂,၀၀၀ နီးပါး (၁၉၈၃ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013