DVB Logo
Home
မြန်မာသတင်း
STUM သမဂ္ဂအဖွဲ့ဝင် မ​ဟေမာန်ဦးကို အာမခံ ကျပ်သိန်း ၂၀၀ နှင့် ခြေချုပ် ၃ နှစ် ​အမိန့်ချ
DVB
·
November 26, 2025
STUM သမဂ္ဂအဖွဲ့ဝင် မ​ဟေမာန်ဦးကို အာမခံ ကျပ်သိန်း ၂၀၀ နှင့် ခြေချုပ် ၃ နှစ် ​အမိန့်ချ
Donate to DVB

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့ အဖွဲ့ဝင် မဟေမာန်ဦးကို အင်းစိန်မြို့နယ် တရားရုံးမှ လူ ၂ ​ယောက်က ကျပ်သိန်း ၁၀၀ စီ အာမခံထား​ရှိ​စေကာ ခြေချုပ်နဲ့ ၃ နှစ်​နေဖို့ အမိန့်ချလိုက်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

အင်းစိန်မြို့နယ် တရားရုံး ကအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မဟေမာန်ဦးကို စွဲဆိုထားတဲ့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အမှုအတွက် နိုဝင်ဘာ ၂၅ ရက်မှာ အမိန့်ချလိုက်တာပါ။

တရားရုံးက ချလိုက်တဲ့အမိန့်အရ မဟေမာန်ဦးအနေနဲ့ တလပြည့်တိုင်း ကောင်းမွန်စွာနေထိုင်ကြောင်း အင်းစိန်မြို့မရဲစခန်းမှာ ခံဝန် လက်မှတ် သွား​ရောက်ရေးထိုးရမယ်လို့ ဆိုပါတယ်။

STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင် ၉ ယောက်မှာ ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံရပြီး ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မနဲ့ ၅(၁)(စ)(ဆ)နဲ့ ကနဦးအမှုဖွင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲကမှ ဒေါ်မျိုးမျိုးအေးနဲ့ STUM အဖွဲ့ဝင်တယောက်မှာ ခြေချုပ်နဲ့ ၆ လ​ ကောင်းမွန်စွာ နေထိုင်ဖို့ အမိန့်ချခံထားရပြီး မဟေမာန်ဦးအနေနဲ့ သူတို့ထက်ပြစ်ဒဏ်ကာလနဲ့ အာမခံကြေး ပိုချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက “တရားရေးဆုံးဖြတ်ချက်တွေက ကွာခြားမှု ရှိနေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်နေတယ်”လို့ ပြောပါတယ်။

အခုလို STUM အဖွဲ့ဝင် မဟေမာန်ဦး ကို ချမှတ်လိုက်တဲ့အမိန့်နဲ့ပတ်သက်လို့ အထက်ရုံး အဆင့်ဆင့်အထိ အယူခံ ပြင်ဆင်တက်သွားမယ်လို့ STUM က ထုတ်ပြန်ထားသလို ဒေါ်မျိုးမျိုးအေး အနေနဲ့လည်း လွတ်မိန့်ရပြီးမှ ခြေချုပ်အမိန့်ချခံရတဲ့အပေါ် အယူခံဝင်သွားမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။

လက်ရှိအချိန်အထိ ဒေါ်မျိုးမျိုးအေးအပါအဝင် ၃ ယောက်မှာ ခြေချုပ်နှင့် ခံဝန်အမှုအတွက် အမိန့်ချခံထားရပြီးဖြစ်ကာ ကျန်တဲ့အဖွဲ့ဝင်တွေကို ရွှေပြည်သာမြို့နယ်တရားရုံးက လာမယ့် ဒီဇင်ဘာ ၅ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့်ချသွားဖို့ရှိတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် STUM သမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ခြေချုပ်နှင့်ခံဝန်အမူအပြင် လုပ်ငန်းရှင် တယောက်က စွဲဆိုထားတဲ့ အသင်း၊အဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ နဲ့ပါ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ​ဖြစ်တဲ့ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဦးစီးမှူးအနေနဲ့ နိုဝင်ဘာ ၂၄ ရက် ရုံးချိန်းမှာလည်း တရားရုံးဆီ လာ​ရောက် ထွက်ဆိုချက်ပေးဖို့ ထပ်​ပြီးပျက်ကွက်ခဲ့တယ်လို့ STUM က အသိပေး ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013