DVB Logo
Home
မြန်မာသတင်း
ပိတ်မိနေသည့် ကျားဖြန့်လုပ်သားများ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် နိုင်ငံတကာက မြန်မြန်လာရောက်ရန် KNU ဖိတ်ခေါ် 
DVB
·
November 26, 2025
ပိတ်မိနေသည့် ကျားဖြန့်လုပ်သားများ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် နိုင်ငံတကာက မြန်မြန်လာရောက်ရန် KNU ဖိတ်ခေါ် 
1 / 17
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသက အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း အဆောက်အအုံတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်လိုက်ပြီး အဆောက်အအုံအတွင်း ပိတ်မိနေတဲ့ နိုင်ငံအများကြီးက နိုင်ငံသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နိုင်ငံတကာက မြန်မြန်လာရောက်လေ့လာကြဖို့ KNU က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာ မြဝတီမြို့ရဲ့တောင်ဘက် ၁၆ ကီလိုမီတာလောက်ဝေးတဲ့ ဖလူး(မင်းလက်ပံ)ဒေသနားကို စစ်ကေင်စီတပ်နဲ့ DKBA တပ်တို့က အင်အားသုံးထိုးစစ်ဆင်ခဲ့လို့ KNU တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ပစ်ခတ်တိုက်ပွဲတွေဖြစ်ခဲ့ပြီး DKBA တပ်ဖွဲ့တွေ တပ်စွဲ တိုက်ခိုက်တဲ့နေရာကို ရှင်းလင်းရာမှာ DKBA တပ်ဖွဲ့ဝင် အနည်းဆုံး အယောက် ၂၃ဝ လက်နက်ချပြီး အခြေချစခန်းကို KNU ကထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ နိုင်ငံပေါင်းစုံကထောင်ချီတဲ့လူတွေကို ဂိတ်အထပ်ထပ်ပိတ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်တဲ့ ခြံဝင်းဖြစ်တာကို KNU တပ်ဖွဲ့တွေ တွေ့ရှိခဲ့ရလို့ လူတွေ မထွက်ပြေးနိုင်အောင် ခြံဝင်း ပတ်လည်ကို သွားလာတာကန့်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်မှာတော့ ပိတ်မိသူတွေကို ဘေးကင်းရာပို့ဖို့၊ ငွေလိမ်လုပ်ငန်းကို ကွင်းဆင်းအကဲဖြတ်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့ကို ဖွဲ့ခဲ့သလို KNU ခေါင်းဆောင်ပိုင်းတွေဟာ သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာ အာဏာပိုင်တွေ၊ အေဂျင်စီတွေဆီ ချက်ချင်းအကြောင်းကြားခဲ့ပြီး ဖြစ်ရပ်ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့အတွက် လမ်းညွှန်မှုရအောင် တိုင်ပင်ဆွေးနွေး အကြံဉာဏ်တောင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်မနက်မှာ KNU ရဲ့တပ်ဖွဲ့တွေက လုံခြုံရေးပေးပြီး မြေပြင်အကဲဖြတ်အဖွဲ့ကို ခြံဝင်းထဲ စေလွှတ်ပြီးနောက် ပိတ်မိနေသူတွေ၊ ငွေလိမ်အလုပ်သမားတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ်တာ၊ သက်သေခံချက်တွေ စုဆောင်းတာ၊ အထောက်အထားတွေ သိမ်းတာတို့ကို လုပ်ခဲ့သလို ထောင်ချီတဲ့လူတွေထဲက ထိုင်းနိုင်ငံသားတွေ၊ မိခင်နဲ့ ကလေးတွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ဦးစားပေးဆွေးနွေးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမနေ့ မြေပြင်အကဲဖြတ်ချက်ကနေ တွေ့ရှိတာတွေကတော့ ၄ ထပ်အဆောက်အအုံ ၂ လုံး၊ ဆေးရုံတရုံနဲ့ လူနေအိမ်အဆောက်အအုံတွေအပါအဝင် ကွန်ကရစ်အဆောက်အအုံ ၂ဝ လောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၂,၀၀၀ လောက်တွေ့ရတယ်လို့ ဆိုပါတယ်။

ပထမနေ့မှာ  အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ မလေးရှားနိုင်ငံတို့က လူဦးရေ အမျိုးသမီး ၈၃ ယောက်၊ အမျိုးသား ၃၁၃ ယောက်၊ စုစုပေါင်း ၃၉၆ ယောက်ကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသား ၂၈ ယောက်ကိုတော့ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယနေ့မှာတော့ မြေပြင်အကဲဖြတ်အဖွဲ့ဝင်တွေ ထပ်တိုးလွှတ်ခဲ့ပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊  ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ မလေးရှားနိုင်ငံတို့က အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၃၄၁ ယောက်တို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒီ ၂ ရက်အတွင်း ကွန်ပျူတာအလုံးပေါင်း ၂,၀၀၀ လောက်၊ ဖုန်းအလုံးရေ ၁၀,၀၀၀ လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသား ၃၆ ယောက်ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ရှာဖွေမှုတွေကနေ ၂ဝ၁၆ ခုနှစ် ဩဂုတ် ၂ ရက်စွဲနဲ့ Myanmar Future Stars Co.Ltd. ရဲ့ ကုမ္ပဏီမှတ်ပုံတင်စာရွက်အပါအဝင် တခြားအရေးကြီး စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ပြီး မီးခံသေတ္တာတွေ၊ ၄ ပေ၊ ၆ ပေလောက် ကျယ်ပြီး ထိုင်ခုံတလုံးစီပဲရှိတဲ့ အလုံပိတ်ခန်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ငွေလိမ်အလုပ်သမားတချို့ဟာ လူ့အသက်သေစေနိုင်တဲ့ လက်နက်တွေကိုင်ထားတာကို တွေ့ရသလို အလုပ်သမားနဲ့ ခေါင်းဆောင်တချို့ဟာ KNU မြေပြင်အကဲဖြတ်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာကို မပူးပေါင်းဘဲ ကလန်ကဆန်လုပ်တာ၊ သူတို့ကို ထိုင်းအာဏာပိုင်တွေဆီ မပို့ဘဲ မြန်မာပြည်တွင်း ထွက်ပြေးခွင့်ပေးဖို့ လာဘ်ထိုးတာတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာတော့ အသေခံဒရုန်းတိုက်ခိုက်တာတွေရှိမယ်လို့ အလုပ်သမားတွေက ကြားပြီး အလုပ်သမား ရာပေါင်းများစွာဟာ ခြံထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြသေးတယ်လို့ဆိုပါတယ်။

ဖလူး(မင်းလက်ပံ)ဒေသ အနီးတဝိုက်မှာ စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေဖြစ်နေလို့ အခြေအနေဟာ မြန်မြန်ပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့ အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ နိုင်ငံအများကြီးက နိုင်ငံသားတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတာဟာ အချိန်နဲ့အမျှ တိုးလာနေတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းကို KNU တဖွဲ့တည်းက ထိထိရောက်ရောက် စုံစမ်းစစ်ဆေး အထောက်အထားစုနိုင်မှာ မဟုတ်တာကြောင့် နိုင်ငံတကာက လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးဖို့ အလေးအနက် တိုက်တွန်းတောင်းဆိုတယ်လို့ KNU က ဆိုပါတယ်။

အခုအချိန်အထိ သိမ်းဆည်းရမိတဲ့ ပစ္စည်းအထောက်အထားအားလုံးကို KNU နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အာဏာပိုင်တွေရဲ့ ကျွမ်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဆီ လွှဲပေးမှာဖြစ်သလို ဖလူး(မင်းလက်ပံ)က Scam Center ဟာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက် လက်တွေ့ ဖြစ်ရပ်တခုအနေနဲ့ လေ့လာနိုင်ဖို့ အင်မတန်မှအရေးကြီးတဲ့ အခွင့်အလမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013