DVB Logo
Home
မြန်မာသတင်း
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ပုဂ္ဂလိကဘဏ် ၁၄ ခုဖြင့် လက်မှတ်ထိုး၊ သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးမည်
DVB
·
November 25, 2025
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ပုဂ္ဂလိကဘဏ် ၁၄ ခုဖြင့် လက်မှတ်ထိုး၊ သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးမည်
Donate to DVB

ပြည်ပကနေ ဆီတင်သွင်းမှု လျှော့ချပြီး ပြည်တွင်းဆီထုတ်လုပ်မှု တိုးမြှင့်လိုနေတဲ့ စစ်ကောင်စီဟာ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေး အစီအစဉ်အတွက် ပုဂ္ဂလိက ဘဏ် ၁၄ ခုနဲ့ လက်မှတ်ထိုးလိုက်ပြီး ကျပ် သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးသွားမယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး ဆီစက်အသစ် ဆောက်တာ၊ အဆင့်မြှင့်တင်တာ၊ ကုန်ကြမ်း ဝယ်ယူတာတွေအတွက် ကျပ် ဘီလီယံ ၅၀ မ တည်ပြီး တနှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း ၃၀၀၀ အထိ ထုတ်ချေးနေခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလို ထုတ်ချေးရာမှာ နိုင်ငံပိုင် ဘဏ်တွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ကနေသာ ထုတ်ချေးခဲ့တာဖြစ်ပြီး အခုအခါမှာ ပုဂ္ဂလိက ဘဏ် ၁၄ ခုနဲ့ စစ်ကောင်စီ လက်အောက်ခံ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနတို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ သဘောတူစာချုပ် လက်မှတ်ထိုးပြီး ထုတ်ချေးပေးမဲ့ ဘဏ်အရေအတွက် တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်ချေးတဲ့ ချေးငွေပမာဏကိုလည်း ဆီစက်လုပ်ငန်းရှင်တယောက်ကို ကျပ် သိန်း ၅,၀၀၀ အထိ၊ ဆီစက်အကြီး တည်ဆောက်ခြင်းအတွက် ကျပ် သိန်း ၁၀,၀၀၀ အထိ တိုးမြှင့် ထုတ်ချေးသွားမှာလည်း ဖြစ်ပါတယ်။ 

အဲဒီလို ထုတ်ချေးခြင်းအားဖြင့် ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှု လျော့ကျကာ နိုင်ငံခြားငွေ သုံးစွဲရမှု သက်သာလာမှာ ဖြစ်တယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီ လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဆိုပါတယ်။ 

အခုလို လက်မှတ်ရေးထိုးခဲ့တဲ့ ပုဂ္ဂလိက ဘဏ်တွေဟာ ဘယ်ဘဏ်တွေဖြစ်တယ် ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် ကိန်းဂဏန်းတွေအရ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက ဆီကြိတ်စက်ရုံပေါင်းဟာ အကြီးစားစက်ရုံ ၂၉၇ ရုံ၊ အလတ်စား စက်ရုံ ၁၂၅၇ ရုံ၊ အငယ်စားစက်ရုံ ၁၄၅၃ ရုံ၊ စုစုပေါင်း ၃၀၀၇ ရုံ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆီစားသုံးမှုနှုန်းဟာ နှစ်စဉ် တန်ချိန် ၁ ဒသမ ၁ သန်းကျော်ရှိပြီး ပြည်တွင်းက ဆီထုတ်လုပ်နိုင်မှု ပမာဏဟာ တန်ချိန် ၄ သိန်း ဝန်းကျင်သာ ရှိတာကြောင့် စားသုံးဆီ လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒေါ်လာ လိုအပ်ချက် လျှော့ချလိုတဲ့ စစ်ကောင်စီဟာ ပြည်ပကနေ ဆီတင်သွင်းမှုကို ကန့်သတ် လျှော့ချနေသလို တဖက်ကလည်း ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး ကြွေးကြော်နေတာလည်း ဖြစ်ပါတယ်။ 

တင်သွင်းမှု ပမာဏကို ကြည့်မယ်ဆိုရင်လည်း အာဏာမသိမ်းခင်က စားသုံးဆီ တင်သွင်းမှုဟာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၉ဒသမ၃ သိန်း၊ ၂၀၂၀-၂၁ မှာ တန်ချိန် ၈ဒသမ၅ သိန်း တင်သွင်းခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၂၀၂၂-၂၃ မှာ ၅ ဒသမ ၅ သိန်း၊ ၂၀၂၃-၂၄ တန်ချိန် ၆ သိန်းဝန်းကျင်သာ တင်သွင်းခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013