
Wildberries ကုန်သိုလှောင်ရုံတွေကို ယူကရိန်းက တိုက်ခိုက်မှုဟာ ရုရှားစီးပွားရေးလုပ်ငန်းရဲ့ ဗဟိုကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Wildberries ဟာ ရုရှားရဲ့ အကြီးဆုံး အွန်လိုင်းလက်လီ အရောင်းလုပ်ငန်း ဖြစ်ပါတယ်။ အွန်လိုင်းရှော့ပင်းအတွက် ပစ္စည်းပို့ဆောင်ပေးနေတဲ့ Vasily Klimov ဟာ ၃ ပတ်အတွင်းမှာ အောင်မြင်တဲ့လုပ်ငန်းကနေ အရှုံးပေါ်လာလို့ လုပ်ငန်းကို ပြန်ရောင်းဖို့အထိ ပြင်ဆင်နေပါတယ်။
Klimov ဟာ ရုရှားနိုင်ငံတဝန်း ကုန်လက်ခံရာ ၉၈,၀၀၀ ရှိပြီး Wildberries က မှာယူတဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးနေတာပါ။
ယူကရိန်းဟာ ဇူလိုင် ၁၈ ရက်ကတည်းက Wildberries ရဲ့ ကုန်သိုလှောင်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ လုပ်ငန်း ၂၀ လောက် ယူကရိန်းတိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြီး ကုန်တွေပျက်စီးခဲ့ကာ နိုင်ငံရဲ့ ကုန်စည်စီးဆင်းမှုကိုလည်း ထိခိုက်လာပါတယ်။
Wildberries ကုန်သိုလှောင်ရုံတွေ တိုက်ခိုက်ခံရလို့ အဲဒီလုပ်ငန်းနဲ့ စပ်ဆက်နေတဲ့ vasily klimov တို့လို လုပ်ငန်းတွေ အပါအဝင် တခြား အသေးစားလုပ်ငန်းပေါင်း သောင်းနဲ့ချီ ထိခိုက်မှုတွေ ရှိလာပါတယ်။
Wildberries ဟာ ညကြည့်မျက်မှန်လိုမျိုး စစ်ပွဲအထောက်အကူပြု ပစ္စည်းတွေ ထုတ်လုပ်သလို လက်နက်ခဲယမ်းထည့်တဲ့ အိတ်တွေ၊ ဦးထုပ်တွေနဲ့ ရုရှားစစ်ပွဲကို အထောက်အကူပြုတဲ့ ပစ္စည်းတွေ ထုတ်တယ်လို့ ယူကရိန်းက ပြောပါတယ်။
ယူကရိန်းရဲ့ စွပ်စွဲချက်တွေကို Wildberries နဲ့ Kremlin တို့က ငြင်းဆိုထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး ကုန်လောင်ရုံတိုက်ခိုက်မှုတွေမှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Wildberries ဟာ အခြား e-commerce လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းဖြစ်ပြီး ရုရှားနိုင်ငံရဲ့ စီးပွားရေး ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဝန်ဆောင်မှုတွေ ရှိတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။










