DVB Logo
Home
မြန်မာသတင်း
ကျွန်းလှတွင် ပေါ်တာဆွဲဖမ်းဆီးခံရသည့် အမျိုးသား ၄ ဦး အချုပ်ထောင်‌ဖောက်ပြီး ထွက်ပြေး
DVB
·
November 21, 2025
ကျွန်းလှတွင် ပေါ်တာဆွဲဖမ်းဆီးခံရသည့် အမျိုးသား ၄ ဦး အချုပ်ထောင်‌ဖောက်ပြီး ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ချုပ်နှောင်ခံထားရသူ အမျိုးသား ၄ ယောက်ဟာ အချုပ်ထောင်‌ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီကနေ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အခုလွတ်မြောက်လာကြတဲ့ အမျိုးသား ၄ ယောက်ဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်၊ ဘူးကုန်း စစ်‌ကောင်စီအထိုင်ဂိတ်မှာ ပြည်သူတွေကို ပေါ်တာဆွဲပြီး ဖမ်းဆီးထိန်းသိမ်းဖို့ ဆောက်ထားတဲ့ အချုပ်ထောင်ကနေ ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြသူတွေ ဖြစ်ပါတယ်” လို့ ​DVB ကို ပြောပါတယ်။

အခုထွက်ပြေးလွတ်မြောက်လာကြသူတွေကို ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်က “ကျနော်တို့ ၄ ယောက်က တရက်တည်း ဖမ်းခံကြရတာတော့ မဟုတ်ဘူးဗျ။ ဖမ်းခံရတဲ့ရက်‌တွေလည်း မတူကြဘူးလေ။ တချို့က ရွှေမျောလုပ်ဖို့သွားတာ။ ကျနော်ကတော့ မုံရွာမြို့နယ်၊ ချမ်းသာကျွန်းရွာကပါ။ မြစ်ကြီးနားဘက် ငှက်ပျောခြံအလုပ် သွားလုပ်မလို့ စံရတီ (မုံရွာ-မြစ်ကြီးနား) အန်စာတုံးကား စီးလာတာကနေ အောက်တိုဘာ ၃၀ ရက်နေ့က ဘူးကုန်းဂိတ်မှာ စစ်ဆေးဖို့ဆိုပြီး ခြောက်ပေါက်ချ ဖမ်းခံရတာ၊ ၄ ရက်‌လောက် ခြောက်ပေါက်ချပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ ၆ ဘီးကားနဲ့ပို့တာ၊ အားလုံးပေါင်း ကားပေါ်မှာ ပေါ်တာဆွဲ ဖမ်းထားတာ ၂၀ ကျော်ပါတယ်။ ဇီးကုန်းဘက်ဂိတ်တခုက‌နေလည်း ပေါ်တာဆွဲပြီး ဖမ်းထားတဲ့ မိန်းကလေးတယောက်ကို တင်ပေးလိုက်သေးတယ်။ ကန့်ဘလူ‌ရောက်မှ ဖောကားကြီးနဲ့ပြောင်းပြီး ကျွန်းလှကိုပို့တာ။ ကျွန်းလှမြို့အဝင် ဆိုင်းဘုတ်နားက ချောင်းစပ် ၄ ပေပတ်လည် အခန်း ၂ ခန်းတွဲမှာ လူ ၃၀ ကျော်ထားတာ။ ဦးပဥ္စင်းတပါးကိုလည်း အဲဒီမှာ ဖမ်းထားသေးတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ် ဗျူဟာလမ်းကြောပေါ်မှာရှိတဲ့ စစ်ကောင်စီအထိုင်ဂိတ်တွေမှာ ပျူစောထီးတပ်ဖွဲ့ဝင် လိုအပ်ချက် ကြီးမားနေတဲ့ ဦးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းအတွက် ခရီးသွားပြည်သူတွေထဲက လူငယ်လူရွယ် အမျိုးသားတွေအပြင် အမျိုးသမီးတွေပါမကျန် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး လူ‌ပြန်ရွေးဖို့ နောက်ကလိုက်လာရင်လည်း လူလည်းဆုံး ငွေလည်းဆုံးတဲ့အပြင် လိုက်ရွေးတဲ့သူပါ ထပ်မံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၉ နှစ်အရွယ် ရေစကြိုမြို့နယ်၊ ဂွေးခုံကျေးရွာသားက “မြစ်ကြီးနားက ငှက်ပျောခြံမှာ အလုပ်လုပ်ဖို့ ရေစကြိုကနေ Light Truck ကား ၃ စီးနဲ့ လာကြတာ။ ကျန်တဲ့ဂိတ်တွေက အေးဆေးပါပဲ၊ ဘူးကုန်းဂိတ်‌ရောက်မှ ရှေ့ကတစီး လွတ်သွားပြီး ကျန်တဲ့ ၂ စီးက လူတွေဆီကနေ မှတ်ပုံတင်ကြည့်ပြီး အောက်ဆင်းခိုင်းတာ။ ကား ၂ စီး‌ပေါင်း ကျနော်အပါအဝင် ၁၃ ယောက် ပေါ်တာဆွဲ ဖမ်းခံလိုက်ရတာပါ။ အခုလ ၂ ရက်နေ့မှာ အဖမ်းခံရပြီးတော့ ၃ ရက်နေ့မှာ ဟိုအစ်ကိုတို့နဲ့ ကျွန်းလှကို ပို့ခံရတယ်။ အိမ်သာ‌ရေ၊‌ သောက်‌‌ရေ၊ ချိုး‌ရေတွေက အတူတူပဲ။ ထမင်းကိုလည်း မသေရုံကျွေးတာပါ။ ထမင်းဟင်း‌တွေထဲလည်း ဆေးခတ်တယ်ထင်တယ်။ စားပြီးရင် မူးပြီး ပျော့ခွေပြီး အိပ်ပဲအိပ်နေရတာ။ လူစေ့အကုန်ဖြစ်ကြတာပါ။ စစ်ဗိုလ်တယောက်က တရက်ခြားလာပြီး အချိုသပ် စည်းရုံးရေးစကားတွေလည်း လာ​လာပြောတယ်။ သူတို့စစ်တပ်က နှစ်တွေဆယ်ချီရှိပြီ၊ ဟိုကောင်တွေက မနေ့တနေ့ကမှ ဖြစ်လာတာ၊ ငါတို့က မတိုက်ချင်သေးလို့၊ တင့်ကား‌တွေ၊ လက်နက်စက်ရုံတွေလည်း ရှိတယ်။ မင်းတို့တွေ PDF ဘက်ရောက်သွားရင် ဖမ်းပြီး အသတ်ခံရမှာဆိုပြီး အမြဲလာပြောတယ်။ ကျနော်က ဒီလိုကြီးတော့ ဘယ်လိုမှ မနေနိုင်ဘူး ဆုံးဖြတ်ထားတာ။ ရောက်တဲ့နေ့ ညကတည်းက သံဆူးကြိုးက အပြားလေး ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်း အောက်ခင်းပြင်ကို တိုက်ဖြတ်ခဲ့တာ။ မရနိုင်‌တော့ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပြင် ၃ ပြားကို ၈ ရက် တိုက်ဖြတ်ခဲ့ရတယ်။ ၁၀ ရက်နေ့ ည ၁၁ ခွဲမှာ ထွက်ပြေးခဲ့ကြတာပါ။ ကျန်တဲ့သူတွေကိုလည်း နှိုးတာ နှိုးမရကြဘူး။ ကျနော်တို့ ၄ ယောက်က အဲဒီနေ့ ညနေမှာ ထမင်းပဲစားတယ် ဟင်းမစားဘူးလေ။ မထနိုင်ဘဲ နေမှာစိုးလို့ပါ။ ထွက်ပြေးလာရတာလည်း ဖိနပ်မပါ၊ ဓာတ်မီးမပါ၊ ကိုယ့်‌ဒေသမဟုတ်‌တော့ လမ်းမကျွမ်းကျင်ဘူးပေါ့။ မီးအလင်း‌ရောင်တွေကို ရှောင်၊ ငှက်‌ပျောသီးမီးဖုတ်စားပြီး ၃ ည လမ်းလျှောက်ပြီးမှ တော်လှန်ရေးအဖွဲ့တွေဆီ ရောက်ခဲ့တာပါ” လို့ ပြောပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အဆိုပါ ကျွန်းလှအချုပ်ထောင်မှာ ယာယီထိန်းသိမ်းထားပြီး ကန့်ဘလူ ၆၀၀၆ တပ်ကို အလှည့်ကျ ပို့ဆောင်ကာ အဲဒီကနေတဆင့် MI17 ရဟတ်ယာဥ်နဲ့ စစ်သင်တန်းကျောင်းတွေဆီကို ပို့ဆောင်နေတာလို့ ဆိုပါတယ်။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကို အသုံးပြု သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေ အနေနဲ့လည်း ကန့်ဘလူမြို့နယ်အတွင်းက စစ်ကောင်စီ အထိုင်စခန်းတွေရှိတဲ့ ဂိတ်စခန်းတွေကို အတတ်နိုင်ဆုံး ရှောင်ကွင်း သွားလာကြဖို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013