DVB Logo
Home
မြန်မာသတင်း
မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို 
DVB
·
November 20, 2025
မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို 
Donate to DVB

မြန်မာနိုင်ငံရဲ့ ပိုမိုနက်ရှိုင်းလာနေတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်သိပ်မကျန်တော့တဲ့အကြောင်းနဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။ 

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လက်ခံကျင်းပပြီး အရှေ့ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့ “ထွက်ပေါက်မရှိသော မဟာဗျူဟာ-မြန်မာနိုင်ငံ၏ အဆုံးမဲ့အကျပ်အတည်းနှင့် အမေရိကန်၏ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ ခုလိုပြောလိုက်တာပါ။

မြန်မာစစ်တပ်ဟာ နိုင်ငံ့အာဏာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြောင့်  ဒီရွေးကောက်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ကြတာပါ။

အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ မစ္စယန်းကင်မ်က မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကို မီးမောင်းထိုးပြခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိနေတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပျံ့နှံ့လာတာ၊ လူကုန်ကူးမှုတွေနဲ့အတူ စစ်ကောင်စီက တရားဝင်မှုရရှိဖို့အတွက် တရုတ်နဲ့ ရုရှား အပေါ်  မှီခိုနေတဲ့ အကြောင်းအရာတွေအပါအဝင် အဓိကပြဿနာတွေကိုလည်း ထောက်ပြခဲ့တာပါ။

စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအများစုကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါပမာဏရဲ့ ၂ ဆကို ထိန်းချုပ်ထားနိုင်တာကြောင့် မျှော်လင့်ချက်ရှိနေသေးတဲ့အကြောင်းလည်း မစ္စကင်မ်က ပြောလိုက်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ်လို့ ကြေညာထားပေမဲ့ လေ့လာသူတွေကတော့ ဒါဟာ အတုအယောင်သာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားကြပါတယ်။

နိုင်ငံတကာလုံခြုံရေးကို အထူးသုတေသနပြုတဲ့ လွတ်လပ်တဲ့ပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ Stimson Center မှ အကြီးတန်းသုတေသီ စတိဗ်ရော့စ်ကတော့ “ဒီရွေးကောက်ပွဲလို့ ခေါ်တာတွေဟာ လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုသလို ဒီမိုကရေစီလမ်းကြောင်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဆီကို ဦးတည်နေတာလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။ 

အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုမရှိပါက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်နဲ့အတူ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေရဲ့ ဗဟိုချက်အဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းရလိမ့်မယ် လို့လည်း ဥပဒေပြုအမတ်တွေက သတိပေးထားပါတယ်။

ဒါ့အပြင် ရော့စ်က မြန်မာ့ပဋိပက္ခဟာ သူတို့ရဲ့ နယ်နိမိတ်တွေကို ကျော်လွန်ပဲ့တင်ထပ်နေပြီး အင်ဒို-ပစိဖိတ်ဒေသတွင်းနဲ့ အမေရိကန်ရဲ့ လုံခြုံမှုနဲ့ ကြွယ်ဝချမ်းသာမှုတွေအတွက်ပါ ခြိမ်းခြောက်မှုတခု ဖြစ်လာစေတယ်လို့လည်း ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အဓိကဘဏ္ဍာငွေ ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို ချက်ချင်းပိတ်ဆို့အရေးယူဖို့နဲ့ အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံတကာကို ခြိမ်းခြောက်နေနေတဲ့  ဆိုက်ဘာရာဇဝတ်မှုနဲ့ ကျားဖြန့်ငွေလိမ်စင်တာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားပါတယ်။

ဒါ့အပြင် မြန်မာပြည်အတွက် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက တဆင့်မဟုတ်ဘဲ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် နယ်စပ်ဖြတ်ကျော် ပေးပို့ဖို့ ဆွေးနွေးခဲ့သလို ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတယောက်ကလည်း အမေရိကန်ရဲ့ အကူအညီတွေ ဖြတ်တောက်မှုရဲ့ အကျိုးဆက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆိုးရွားနေတဲ့ အခြေအနေတွေကို   ဆွေးနွေးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ အချိန် ၅ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်သလို စစ်ခေါင်းဆောင်က လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကို ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတာပါ။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရှုတ်ချမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source:  UPI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013