
NLD အစိုးရလက်ထက်က လျှပ်စစ်ထုတ်လုပ်ဖို့ စီစဉ်ခဲ့တဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
CNTIC(China National Technical Import and Export Corporation)နဲ့ Hong Kong V-Power ကုမ္ပဏီတို့ ပိုင်ဆိုင်တဲ့ MV CNTIC VPOWER ENERGY သင်္ဘောဟာ နိုဝင်ဘာ ၁၄ ရက်က မြန်မာ့ပင်လယ်ပြင်ထဲကိုဝင်ရောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မနက်အစောပိုင်းက MCV Terminal ရှေ့မှာ ကျောက်ချရပ်နားခဲ့တယ်လို့ သီလဝါဆိပ်ကမ်းဆီကနေ သိရပါတယ်။
သီလဝါဆိပ်ကမ်းတာဝန်ရှိသူတယောက်က “သင်္ဘောကြီးက ရောက်တာဟုတ်ပါတယ်။ မကြာခင် အဲဒီကနေ လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဖြူးပေးသွားမှာပါ။ အရင်ထက် မီးပိုရသွားပေါ့။ စက်မှုဇုန်တွေကိုလည်း မီးပိုပေးသွားမယ်” လို့ ပြောပါတယ်။
MV CNTIC VPOWER ENERGY သင်္ဘောဟာ အလျား ၁၇၆ ဒသမ ၈ မီတာ၊ ရေစူး ၈ မီတာနဲ့ စုစုပေါင်းတန်ချိန် ၃၆,၀၀၀ လောက်ရှိပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်မယ့် LNG တွေ သိုလှောင်နိုင်တယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောကနေ ကနဦးအနေနဲ့ ရန်ကုန်တိုင်း အလုံ၊ သန်လျင်နဲ့ သာကေတမြို့နယ်တို့ကို လျှပ်စစ်မီးပေးဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒီသင်္ဘောကတဆင့်ရလာတဲ့ လျှပ်စစ်ကို သုံးစွဲခတွေ တိုးမြှင့်ပြီး စက်မှုဇုန်တွေဆီပေးမယ်လို့ သတင်းတွေထွက်နေပေမဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။
သင်္ဘောဟာ မြန်မာပြည်ကို ၂၀၂၀ ပြည့်နှစ်က တကြိမ်ဆိုက်ကပ်ခဲ့ဖူးပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရေအား၊ သဘာဝဓာတ်ငွေ့စက်၊ ဒီဇယ်စက် စတာတွေကနေ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပြီး တရက်ကို မဂ္ဂါဝပ်နာရီ ၆ သောင်းဝန်းကျင် ထုတ်လုပ်နေပါတယ်။










