DVB Logo
Home
မြန်မာသတင်း
ဒေါ်သက်သက်ခိုင်၏ အသနားခံစာကို UEC ပယ်ချ
DVB
·
November 15, 2025
ဒေါ်သက်သက်ခိုင်၏ အသနားခံစာကို UEC ပယ်ချ
Donate to DVB

ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းလို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းထဲကနေ ပယ်ဖျက်ခံခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ အသနားခံစာကို စစ်ကောင်စီ ဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အဲဒီလို UEC ကို တင်ပြထားတဲ့ အသနားခံစာ ပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူးလို့ နိုဝင်ဘာ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ဒေါက်တာ သက်သက်ခိုင်က ပြောခဲ့ပါတယ်။

ဒေါ်သက်သက်ခိုင် အပါအဝင် လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးမှာ စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၅၀၃၂ ယောက် ရှိရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ‌တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်း ၈၆ ယောက်ကို အောက်တိုဘာလမှာ အမည်စာရင်းက ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဒေါ်သက်သက်ခိုင် ငြိစွန်းနေတယ်ဆိုတဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ) ကတော့ နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ ဖြစ်ရမယ်ဆိုပြီး ပြဋ္ဌာန်းထားတာပါ။

ဒေါ်သက်သက်ခိုင်အနေနဲ့ ကမ္ဘောဇဘဏ်ကို ချေးငွေ အကြွေးကျန်ရှိနေတဲ့အတွက် အကြွေးကိစ္စ ရှင်းလင်းဖို့ ကျပ်သိန်းငါးသောင်း ကနဦးပေးချေပြီး အယူခံတင်ခဲ့ပေမဲ့ အခုလို ပယ်ချခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၇၀ ကျော် တင်သွင်းထားပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013