
အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဘွဲ့ထူးဂုဏ်ထူးတွေကို အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာ ၁၄ ရက် ဒီကနေ့မနက်က ပေးအပ်ချီးမြှင့်ရာမှာ တပ်ထောက်ခံသူ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီး၊ ခိုင်နှင်းဝေနဲ့ ဝေဠုကျော် အပါအဝင် ၁၂ ယောက်က လူမှုထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။
စစ်တပ်ကပေးတဲ့ လူမှုထူးချွန်ဆု ပထမအဆင့်ကို ဟာသ သရုပ်ဆောင် ဒိန်းဒေါင်နဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်တို့က ရရှိခဲ့ပြီး လူမှုထူးချွန် ဒုတိယအဆင့်ကို ဟာသ သရုပ်ဆောင် ငြိမ်းချမ်း၊ သရုပ်ဆောင် ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့က ရရှိခဲ့တာပါ။
နေပြည်တော်သတင်းအရင်းအမြစ်က “လူမှုထူးချွန်ဆုပေးဖို့ စိစစ်တော့ ပြန်ကြားရေးက ဒိန်းဒေါင်ကို ပွဲငှားတာလည်းမဟုတ်၊ ထောက်ခံပွဲတွေမှာလည်း ခဏခဏခေါ်သုံးနေတော့ ဆုတဆုတော့ ပေးသင့်တယ်ဆိုပြီး ဝိုင်းထောက်ခံပေးလိုက်တာ။ သူတယောက်တည်း မဟုတ်ဘူး၊ ငြိမ်းချမ်းနဲ့ အုန်းသီးကိုပါ ပေးတာ။ စစ်တပ်က ဒိန်းဒေါင်တို့အဖွဲ့ကို ချွေးသိပ်တဲ့သဘော။ ခိုင်နှင်းဝေ၊ ဝေဠုကျော်နဲ့ ထူးခန့်ကျော်တို့ကို စစ်ကားတွေဝင်ရိုက်ပေးလို့ လူမှုထူးချွန်ဆုပေးတာ” လို့ DVB ကို ပြောပါတယ်။
လူမှုထူးချွန်ဆု တတိယအဆင့်ကို သရုပ်ဆောင် ထူးခန့်ကျော်၊ အုန်းသီးနဲ့ ဦးတိမ်ညွန့်တို့အပြင် ဒါရိုက်တာတွေဖြစ်တဲ့ ညိုမင်းလွင်၊ ကိုဇော်(အရုဏ်ဦး)၊ ကျော်ဇောလင်း (အတွေးပုံရိပ်) တို့ကို စစ်ကောင်စီက ပေးခဲ့ပါတယ်။
အနုပညာရှင်တယောက်က “စစ်တပ်က သရုပ်ဆောင်ထဲကသူတွေကို လူမှုထူးချွန်ဆုပေးရင် သူတို့နဲ့ ပနာသင့်တဲ့သူတွေ၊ စစ်တပ်ကို မဆန့်ကျင်တဲ့သူတွေကို ပေးတာများတယ်။ မနှစ်က စိုးမြတ်သူဇာ၊ မေသဥ္ဇာဦးနဲ့ ခန့်စည်သူတို့ကို ပေးတယ်။ အဲဒီသူတွေအကုန်လုံး စစ်တပ်က ဝါဒဖြန့်ဇာတ်ကား ရိုက်တဲ့သူတွေချည်းပဲ” လို့ ဝေဖန်သုံးသပ်ပါတယ်။
အလားတူ လူမှုထူးချွန်ဆု တတိယအဆင့်ကိုလည်း ဇာတ်သဘင်လောကမှာ နာမည်ကြီးတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင်တို့ကို စစ်ကောင်စီက ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီး စစ်ကောင်စီကပေးတဲ့ လူမှုထူးချွန်ဆုတွေကို ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ ခိုင်သင်းကြည်နဲ့ မေသန်းနုတို့က ရရှိထားပါတယ်။











