DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံတကာ သံတမန်များအား မြန်မာနိုင်ငံအခြေအနေ ရှင်းလင်း
DVB
·
November 13, 2025
စစ်ကောင်စီက နိုင်ငံတကာ သံတမန်များအား မြန်မာနိုင်ငံအခြေအနေ ရှင်းလင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိ တိုးတက်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို နိုဝင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းပြခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ အခြေအနေတွေ၊ နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်နေတဲ့ အခြေအနေတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းနေတဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်သူတွေရဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံတွေက တဆင့် ကုန်းလမ်းကနေ ဝင်ရောက်လာပြီး အဲဒီရာဇဝတ်ဂိုဏ်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အင်တာနက်၊ လျှပ်စစ်မီးနဲ့ ငွေကြေးလွှဲပြောင်းတာတွေကို အိမ်နီးချင်းနိုင်ငံတွေက အခြေခံအဆောက်အအုံတွေကို အသုံးပြုတာ တွေ့ရတဲ့အတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပကတိ မြေပြင်အခြေအနေတွေကို သံတမန်တွေ အနေနဲ့ သက်ဆိုင်ရာ အစိုးရတွေဆီကို မှန်ကန်စွာ တင်ပြပေးဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ၂ နှစ်ကျော်ကာလအတွင်း မြန်မာနယ်စပ်ကို အိမ်နီးချင်းနိုင်ငံကတဆင့် တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၇,၉၈၂ ယောက်ကို အိမ်နီးချင်းနိုင်ငံကတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်တာမှာ မြန်မာနိုင်ငံက မထုတ်လုပ်နိုင်တဲ့ ဓာတုအခြေပြု မူးယစ်ဆေးဝါးတွေ နယ်စပ်နိုင်ငံတွေကတဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်တာမှာ EAOs တွေ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် အလေးထား ဆောင်ရွက်နေသလို အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်းထိန်းချုပ်ပေးဖို့နဲ့ အလေးထား စောင့်ကြည့်အရေးယူ ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး KK Park ရှိ အဆောက်အအုံ စုစုပေါင်း ၆၂၅ လုံးအနက် ပထမအဆင့် ၁၄၈ လုံး ဖြိုချ ဖျက်ဆီးနေပြီး ဒုတိယအဆင့် ၆၂ လုံး၊ တတိယအဆင့် ၄၂၅ လုံး ဆက်လက်ဖြိုချသွားမယ့် အခြေအနေတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013