DVB Logo
Home
နိုင်ငံတကာ
အစ္စလာမ္မာဘတ် ခရိုင်တရားရုံးအပြင်ဘက်၌ အသေခံဗုံးခွဲမှု စုံစမ်းစစ်ဆေး
DVB
·
November 13, 2025
အစ္စလာမ္မာဘတ် ခရိုင်တရားရုံးအပြင်ဘက်၌ အသေခံဗုံးခွဲမှု စုံစမ်းစစ်ဆေး
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်က လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ အစ္စလာမ္မာဘတ် ခရိုင်တရားရုံး အပြင်ဘက် အသေခံဗုံးခွဲမှုကို စတင် စုံစမ်းစစ်ဆေးနေပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ၊ နယ်စပ်တင်းမာမှုတွေ၊ အာဖဂန်နစ္စတန်နဲ့ မခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေတွေနဲ့ ရုန်းကန်နေရတဲ့ အစိုးရက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးတွေ အများကြီး လုပ်ခဲ့ပေမဲ့ မြို့အစွန်အဖျားက လူနေရပ်ကွက်တခုဘေးမှာရှိတဲ့ တရားရုံးကို တိုက်ခိုက်မှုဟာ ပါကစ္စတန် မြို့တော်မှာတောင် ထင်ထင်ရှားရှား ဗုံးခွဲနိုင်နေကြောင်း ပြတာဖြစ်လို့ စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

ပါကစ္စတန်ဟာ မကြာသေးမီနှစ်တွေအတွင်း စစ်သွေးကြွတိုက်ခိုက်မှုတွေ ပိုတိုးလာတာကို ရုန်းကန်နေရပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့ဗုံးခွဲမှု မတိုင်မီအထိ အစ္စလာမ္မာဘတ်မြို့က အများအားဖြင့် ပိုဘေးကင်းတဲ့ နေရတခုအဖြစ် ယူဆခံထားရတာပါ။

သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့ တံဆိပ်ခတ်ထားတဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာက အပျက်အစီးတွေကို မှုခင်းဆိုင်ရာအဖွဲ့တွေနဲ့ ရဲတွေက ရှာနေပါတယ်။

တမြို့လုံးမှာတော့ ဝမ်းနည်းပူဆွေးနေတဲ့ ဆွေမျိုးတွေက ရုပ်အလောင်းတွေကို အစ္စလာမ္မာဘတ် ဆေးရုံမှာ လက်ခံရယူနေကြပါတယ်။

အသေခံဗုံးခွဲသမားတယောက်က ဖောက်ခွဲရေးဂျာကင်အင်္ကျီကို ဖောက်ခွဲခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး မိုဆင် နာ့ဂ်ဗီက ခရိုင်တရားရုံးတွေ အများကြီးရှိတဲ့ တရားစီရင်ရေး အဆောက်အအုံရှေ့က ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ ဒေသခံမီဒီယာတွေကို ပြောပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ဗုံးခွဲသမားက တရားစီရင်ရေး အဆောက်အအုံ အတွင်းထဲကို ဝင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ လုံခြုံရေးစစ်ဆေးမှု လုပ်ငန်းစဉ်က တင်းကျပ်လို့ မအောင်မြင်ခဲ့ဘဲ အဆောက်အအုံအပြင်ဘက်က ရဲကားတစီးကို တိုက်ခိုက်ခဲ့တာပါ။

ပေါက်ကွဲမှုအပြီး မော်တော်ယာဉ် အများအပြား မီးလောင်ခဲ့ပြီး ယာဉ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

အသေခံဗုံးခွဲသမားရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဗုံးကွဲတဲ့နေရာကနေ ရှာတွေ့ခဲ့ပြီး မှုခင်းဆိုင်ရာ အဖွဲ့တွေက တိုက်ခိုက်သူကို ဖော်ထုတ်ဖို့ လုပ်ငန်းစဉ်ကို စလုပ်နေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တရားရုံးဝင်းအထဲက လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ပြီး လုံခြုံရေးဌာနတွေက ရှာဖွေရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူကြောင်း မပြောသေးပါဘူး။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အာဆစ်ဖ်က အင်္ဂါနေ့ အသေခံဗုံးခွဲမှုအပြီး နိုင်ငံဟာ စစ်ပွဲအခြေအနေမှာ ရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013