
ပီရူးရဲတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၀ ရက်က ကာလ်ယောင်း ဆိပ်ကမ်းမြို့မှာ ငါးမန်းတောင် ၆ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး အာရှဒေသကို ဦးတည်ထားတဲ့ တရားမဝင်တင်ပို့မှုကို ဖော်ထုတ်ခဲ့ပါတယ်။
အာဏာပိုင်တွေကတော့ “ငါးမန်းတောင်ဖြတ်ခြင်း” လို့ လူသိများတဲ့ တားမြစ်ထားတဲ့ အလေ့အကျင့်တခု ဆက်လက်တည်ရှိနေသေးမှုကို မီးမောင်းထိုးပြနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ငါးမန်းတောင်တွေကို ဂိုထောင်တခုမှာ သိမ်းဆည်းထားပြီး ပို့ကုန်အတွက် အခြောက်ခံထားတာ ဖြစ်ပါတယ်။
“ကျနော်တို့က အလွန်အကျွံ မျိုးတုံးမယ့် အန္တရာယ်ရှိတဲ့ ငါးမန်းမျိုးစိတ်တခုမှ ငါးမန်းတောင် ၆ တန်ကျော်ကို သိမ်းဆည်းရမိတာပါ။ အဲဒီ ငါးမန်းမျိုးစိတ် အမျိုးမျိုးဟာ မျိုးတုံးမယ့်အန္တရာယ် ရှိနေပါတယ်” လို့ အမျိုးသား ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ မန်နျူရယ် လိုဇာဒါက ပြောပါတယ်။
ဒီမှာ ပမာဏက ဒေါ်လာ ၁ ဒသမ ၅ သန်းလောက် ရှိပေမဲ့ ဒီထုတ်ကုန်ရဲ့ အဓိကဦးတည်ရာဖြစ်တဲ့ အာရှမှာတော့ ဒေါ်လာ ၈ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
အရာရှိတွေက ငါးမန်းတောင်တွေကို ဟင်းချိုတွေနဲ့ တခြားအရသာရှိတဲ့ အစားအစာတွေမှာ အသုံးပြုလေ့ရှိတဲ့ အာရှဈေးကွက်တွေမှာဆိုရင် ကုန်ပစ္စည်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈ သန်းကျော်ရှိကြောင်း ခန့်မှန်းထားပါတယ်။
လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ရှေ့နေတွေက အမှုကို စုံစမ်းစစ်ဆေးမှု စတင်ဖွင့်ထားပါတယ်။
Source:Reuters










