
ရွှေပြည်သာမြို့နယ် ရွှေပြည်သာဘူတာ နဲ့ စက်မှုဇုန်ဘူတာအကြား ရထားလမ်းမိုင်တိုင် ၂၁/၂၂ နေရာမှာ ဒီကနေ့ မနက်အစောပိုင်းက ရထားသံလမ်းကို ခေါင်အုံးပြီးအိပ်နေတဲ့ အိမ်ရာ့သားအဖ ၂ ယောက် ရထားကြိတ်ခံရပြီး ဖခင်ဖြစ်သူသေဆုံးကာ သားဖြစ်သူဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ရထားလမ်းမှာ သားအဖနှစ်ယောက်လုံး အိပ်ပျော်နေတာ၊ ရထားလာတော့ အဖေဖြစ်သူက နိုးလာပြီး သူ့သားလေးကို တွန်းထုတ်လိုက်တယ်၊ ကလေးတော့ ဒဏ်ရာရတယ်။ ဒါပေမဲ့ သူ့အဖေက ခေါင်းပြတ်ပြီးသေသွားတယ်။ အိမ်ရာမဲ့ဖြစ်ပေမဲ့ သားသမီးအေပါ် ထားတဲ့ မိဘရဲ့ မေတ္တာတရားက အတော်လေးကြီးမားတာ။”
အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ မနက် ၈ နာရီမှ ကလေးငယ်တယောက် ဒဏ်ရာတွေနဲ့ ရထားလမ်းဘေးမှာ ငိုနေတာကို တွေ့ရှိပြီး လူမှုကူညီရေးအသင်းတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"ဖခင်ရဲ့ ရုပ်အလောင်းကို ရွှေပြည်သာဆေးရုံမှာ ပို့ထားပြီး ရဲတွေက မှတ်တမ်းယူနေတယ်၊ ကလေးက ဒဏ်ရာရထားတော့ အင်းစိန်ဆေးရုံ ပို့ထားတယ်၊ ကလေးမှာ မိသားစုဆွေမျိုးသားချင်း ရှိမရှိ စုံစမ်းနေတယ်၊ မရှိရင် လိုအပ်တဲ့ ကိစွတွေ စီစဥ်ပေးလို့ရအောင်။”
စစ်တပ် အာဏာသိမ်းပြီး မြန်မာနိုင်ငံတဝန်းမှာ ကုန်စျေးနှုန်းကြီးမြှင့်တာ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာ နဲ့ အိမ်ငှားစရိတ် ကြီးတာပြင် ကျူးကျော်နေအိမ် နဲ့ လမ်းဘေးစျေးဆိုင်တွေ ဖျက်ဆီးတာတွေကြောင့် အိမ်ရာမဲ့ဖြစ်သူတွေ များလာပါတယ်။










