
ဆွီဒင်တိုက်စစ်မှူး ဗစ်တာယိုကရက်စ်ဟာ ချက်ကလပ် ဆလားဗီးရားပရက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲကို လွဲချော်မှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ယိုကရက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းတွက် ပရီးမီးယားလိဂ်ဂိုး ၁ ဂိုးသာ သွင်းယူထားသူ ဖြစ်ပါတယ်။
ဘန်လေကို (၂-၀) ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယိုကရက်စ်က အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမှာပဲ လူစားလဲခဲ့ရတာပါ။
ယိုကရက်စ်ဟာ အသင်းရဲ့ တနင်္လာနေ့ လေ့ကျင့်ရေးကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။
နည်းပြအာတီတာက “ယိုကာရက်စ်ဟာ ဒီနေ့လေ့ကျင့်ခန်းမဆင်းနိုင်လို့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့ ရက်အနည်းငယ်ထပ်ပြီး စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစားပြီးချိန် ၃ ပွဲလုံး ဂိုးပြတ်အနိုင်ရထားကာ ပေးဂိုးလုံးဝမရှိဘဲ ခြေစွမ်းပြနေပါတယ်။
ချက်ကလပ် ဆလားဗီးရားပရက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ နိုင်ပွဲပျောက်နေတာ တွေ့ရပါတယ်။










