DVB Logo
Home
ဘောလုံး
ကမ္ဘာဖလားအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယားတို့  ၁ ဂိုးစီသရေကျ
DVB
·
June 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က အားကစားကွင်းကြီးမှာ ဒေသစံတော်ချိန် ဇွန် ၁၂ ရက် နေ့လယ်က ကနေဒါအသင်းနဲ့  ဘော့စနီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တဖက် ၁ ဂိုးစီနဲ့  သရေကျသွားပါတယ်။

ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကနေဒါအသင်းဟာ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းကို နောက်မှလိုက်ကစားကာ (၁-၁) ဂိုးနဲ့ သရေတမှတ်ခဲ့တာဖြစ်ပြီး ဒါဟာကနေဒါအသင်း အတွက်တော့ သမိုင်းတလျှောက် ပထမဆုံး ကမ္ဘာ့ဖလားရမှတ်ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲ ပထမပိုင်း ၂၁ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့်  ဂျိုဗိုလူကစ်က အနီးကပ် ခေါင်းတိုက်ဂိုးသွင်းယူခဲ့လို့ ဘော့စနီးယားအသင်းက ဦးဆောင်ဂိုးရသွားပြီး  ကနေဒါတိုက်စစ်မှူးတွေ အခွင့်အရေး ဖြုန်းတီးမှုတွေနဲ့ ဘော့စနီးယားအသင်းရဲ့ ခံစစ်ကစားပုံကောင်းတာကြောင့် အိမ်ရှင်အသင်း ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံနိမ့်နေခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကနေဒါအသင်းရဲ့ လူစားဝင်ကစားသမား ဆိုင်းလ် လာရင်က ကွင်းထဲသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် အကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး  ပွဲချိန် ၇၈ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆောက်သမ်ပတန်တိုက်စစ်မှူးလည်းဖြစ်တဲ့ လာရင်ဟာ ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး ၂ မိနစ်ကျော်အကြာမှာပဲ ဂိုးဧရိယာအတွင်း ပြိုင်ဘက် တာရစ် မူဟာရီမိုဗစ်ကို လှပစွာ လှည့်ထွက် ကန်သွင်းယူခဲ့တာမှာ ဘောစနီးယား ဂိုးသမားနီကိုလာဗာဆီလ်ရဲ့ ဘယ်ဘက်ထောင့် ကနေ ဂိုးဝင်သွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပြီး ကနေဒါအသင်းက အခွင့်အရေးများစွာ လွဲချော်ခဲ့ပါတယ်။ ကနေဒါ နာမည်ကြီးကစားသမား ဂျိုနသန်ဒေးဗစ်နဲ့ တာနီ အိုလူဝါဆီယီတို့ရဲ့ ကန်ချက်တွေ ဂိုးဘားပေါ် ကျော်သွားခဲ့ပြီး ကနေဒါအသင်းရဲ့ ဂိုးဝင်လုနီးပါး အခွင့်အရေး ၂ ကြိမ်ကိုလည်း ပြိုင်ဘက်ဘောစနီးယားအသင်းက ဂိုးစည်းပေါ်မှ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ကနေဒါအသင်း နည်းပြချုပ် ဂျက်ဆီ မာ့ရှ်က "ပထမပိုင်းအတွက်တော့ ကျနော် စိတ်ပျက်မိပါတယ်။ ကျနော်တို့တွေ တွန့်ဆုတ်နေခဲ့ကြတယ်။ ကျနော်လိုချင်သလောက် ထက်ထက်မြက်မြက် မကစားနိုင်ခဲ့ကြဘူး။ ကျနော်တို့က ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်နဲ့ အကြိတ်အနယ် ဖိအားပေးကစားချင်တယ်လို့ ပြောရင်၊ အဲဒါကို တကယ်ပဲ လုပ်ပြဖို့လိုအပ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကွင်းထဲကို ခြေချလိုက်တဲ့ ပထမဆုံး စက္ကန့်ကတည်းက အခြေအနေက ပြောင်းလဲသွားခဲ့တယ်။ ကျနော်တို့ ဒီသင်ခန်းစာတွေကို မြန်မြန်ဆန်ဆန် သင်ယူရပါမယ်။ ကျနော်တို့ လက်ထဲမှာ အခွင့်အရေးတွေ ရှိနေဆဲပါ၊ ဒါက အုပ်စုတွင်းမှာ ရမှတ်ရရှိဖို့နဲ့ နောက်ကောက်မကျန်ခဲ့ဖို့အတွက် ကျနော်တို့အတွက် တကယ်ကို ကြီးမားတဲ့ အမှတ်တခုပါ။ ဒါပေမဲ့ လာမဲ့ပွဲစဉ်ရဲ့ စွမ်းဆောင်ရည်ဟာ ဒီနေ့ပွဲကနေ ရရှိတဲ့ သင်ခန်းစာတွေနဲ့ ရောင်ပြန်ဟပ်မှုတွေ ဖြစ်လာစေဖို့ ကျနော်တို့ သေချာပြင်ဆင်ရပါမယ်”လို့ ပြောပါတယ်။

ကနေဒါအသင်းဟာ ၁၉၈၆ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲစီစလုံးမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဘော့စနီးယားအသင်းကတော့ ခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာ ဝေးလ်စ်နဲ့ အီတလီအသင်းတို့ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကမ္ဘာဖလားခြေစစ်ပွဲ အောင်လာတာဖြစ်ပါတယ်။

လိဒ်စ်အသင်း နည်းပြဟောင်း ဂျက်ဆီ မာ့ရှ်ကိုင်တွယ်နေတဲ့ကနေဒါအသင်းအနေနဲ့ အုပ်စု (B) မှာ  ဇွန် ၁၈ ရက်နေ့ ကာတာ၊ ဇွန် ၂၄ ရက်နေ့ ဆွစ်ဇာလန်တို့နဲ့ ဆက်လက်ကစားရမဲ့ ပွဲစဉ်တွေ ကျန်ရှိနေသေးလို့ နောက်တဆင့် တက်လှမ်းနိုင်မဲ့ အခွင့်အရေး မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။

Source: Sky Sports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013