
Frontline Ethics (ရှေ့တန်းကကျင့်ဝတ်များ) အဖွဲ့က #Not_A_Target (စစ်ရေးပစ်မှတ်မဟုတ်) ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုကို အောက်တိုဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မိတ်ဆက်ခဲ့ပါတယ်။
စစ်တပ်က အရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ #Not_A_Target (စစ်ရေးပစ်မှတ်မဟုတ်) ဆိုတဲ့ ကမ်ပိန်းကို စတင်ခဲ့တာဖြစ်တယ်လို့ Frontline Ethics နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင် က ပြောပါတယ်။
“စစ်တပ်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့၊ ဝင်ရောက်စီးနင်း ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးပြီး အကြောင်းပြချက်မရှိဘဲ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီမှာ ကျမတို့ မီးမောင်းထိုးပြချင်တာကတော့ ဒီတိုက်ခိုက်မှုတွေဟာ ကြုံရာကျပန်းတိုက်ခိုက်မှုတွေ မဟုတ်ပါဘူး။ တကယ်တော့ ခုခံတော်လှန်နေတဲ့ ဒေသတွေက လူမှုအသိုက်အဝန်းတွေကို အပြစ်ပေးဖို့၊ သူတို့ရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့နဲ့ အခြေခံအားဖြင့် အုပ်စုလိုက်အပြစ်ပေးခြင်း (collective punishment) ကနေတဆင့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေဖို့ တကယ်တမ်း စီစဉ်နေတာပါ။”
ကမ်ပိန်းမှာ Frontline Ethics က အာဏာသိမ်းစစ်အုပ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေရဲ့ ဖြစ်ရပ်တွေနဲ့ ရင်တွင်း စကားသံတွေကို (Survivors interviews video) ထုတ်ဖော်တင်ပြထားပြီး ဒီကမ်ပိန်းမှာ အားလုံးပါဝင်ကြဖို့၊ ပါဝင်တဲ့အခါမှာ Frontline Ethics ရဲ့ Survivors interviews video တွေကို မျှဝေပေးဖို့နဲ့ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပို့စ်တင်ပြီးပဲဖြစ်ဖြစ် ဗီဒီယိုတင်ပြီးပဲဖြစ်ဖြစ် “အရပ်သားများသည် စစ်ရေးပစ်မှတ်မဟုတ်” ကြောင်း ထုတ်ဖော်ပြောဆိုပေးဖို့၊ ပို့စ်နဲ့ ဗီဒီယိုတင်တဲ့အခါမှာ Hashtag ပါတဲ့ #Not_A_Target နဲ့ #စစ်ရေးပစ်မှတ်မဟုတ် စတာတွေကို ထည့်ပေးကြဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီကမ်ပိန်းကတော့ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် စစ်ရေးပစ်မှတ်အဖြစ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြည်သူလူထုနဲ့ နိုင်ငံတကာက ရှုတ်ချအသံထွက်ပေးကြခြင်းဖြင့် တရားမျှတမှုအတွက် အသံမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
Photo: DVB











