
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ၆ မှတ် လျှော့ခံခဲ့ရတဲ့အပေါ် လက်စတာစီးတီးရဲ့ အယူခံဝင်မှု ရှုံးနိမ့်သွားခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အရ လက်စတာဟာ ၂၀၂၃-၂၄ ရာသီမှာ သတ်မှတ်ထားတဲ့ အရှုံးပေါ်မှုပမာဏထက် ပေါင် ၂၀ ဒသမ ၈ သန်း ပိုများခဲ့တာကြောင့် ဒီပြစ်ဒဏ်ကို အတည်ပြုလိုက်တာပါ။
ဒီမှတ်ချက်လျှော့ခံရမှုကြောင့် လက်စတာဟာ ချန်ပီယံရှစ်ဇယားရဲ့ အဆင့် ၂၂ နေရာ၊ တန်းဆင်းဇယားထဲကို ရောက်သွားခဲ့ပြီး တန်းမဆင်းရဖို့ ရုန်းကန်ရမဲ့ ဇုန်နဲ့ ၁ မှတ်အကွာမှာ ရှိနေပါတယ်။
အသင်းဘက်ကတော့ အခုကိစ္စပြီးသွားပြီဖြစ်လို့ ကျန်ရှိနေတဲ့ ၅ ပွဲမှာ တန်းမဆင်းရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ လက်စတာဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့အတွက် ရလဒ်ပိုင်း အတော်လေး ဆိုးရွားနေပါတယ်။










