
ကမ္ဘာ့စီးပွားရေးဟာ အကာအကွယ်ဝါဒနဲ့ အမျိုးသားရေးဝါဒ မြင့်တက်လာနေတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာလ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ ဂျောင်းဂျူးမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( APEC) စီအီးအို ထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က မိန့်ခွန်းပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုရှိတဲ့ ဦးဆောင်နိုင်ငံတခုအနေနဲ့ တောင်ကိုရီးယားနိုင်ငံဟာ ဒေသတွင်း ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု နှောင်ကြိုးတွေကို ပြန်လည်ထူထောင်ရေးမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
အဓိကအားဖြင့် ထောက်ပံ့ရေးကွင်းဆက် ပြဿနာတွေ အပါအဝင် ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်သွားမယ်လို့လည်း သမ္မတ အီဂျယ်မြောင်က ပြောပါတယ်။
ကာကွယ်ရေးဝါဒနဲ့ အမျိုးသားရေးဝါဒတွေ မြင့်တက်လာတဲ့ခေတ်မှာ 'ပူးပေါင်းဆောင်ရွက်မှု၊ အတူယှဉ်တွဲ နေထိုင်မှုနဲ့ အားလုံးပါဝင်တဲ့ တိုးတက်မှု' ဆိုတဲ့ စကားလုံးတွေဟာ အနှစ်သာရမရှိသလို ထင်ရပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ စည်းလုံးညီညွတ်မှုအတွက် ပလက်ဖောင်းတစ်ခုအဖြစ် APEC ရဲ့ အခန်းကဏ္ဍဟာ ဒီလိုအကျပ်အတည်းကာလတွေမှာ ပိုပြီးတောက်ပလာလိမ့်မယ်လို့လည်း ပြောသွားပါတယ်။
Source: Reuters










