DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းပြည်သူများကို ရုရှား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှု ရာဇဝတ်မှုမြောက်ဟု ကုလထုတ်ပြန် 
DVB
·
October 28, 2025
ယူကရိန်းပြည်သူများကို ရုရှား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှု ရာဇဝတ်မှုမြောက်ဟု ကုလထုတ်ပြန် 
Donate to DVB

ယူကရိန်းနိုင်ငံရဲ့ ရှေ့တန်းစစ်နယ်မြေအနီးရှိ အရပ်သားပြည်သူတွေအပေါ် ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ အကြောက်တရားကို ဖန်တီးပြီးတော့ ထောင်ပေါင်းများစွာသော လူတွေကို ထွက်ပြေးစေခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတခုမှာ ထုတ်ပြန်ပါတယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကင်မရာတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ အဝေးကြီးကနေ အရပ်သားပြည်သူတွေနောက်ကို လိုက်နေပြီး တခါတရံ ခိုလှုံရမယ့်နေရာ ရှာနေချိန်မှာပဲ မီးလောင်ဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှုတွေကို ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို သူတို့ပိုင် နယ်မြေတွေကနေ မောင်းထုတ်ဖို့ ညှိနှိုင်းလုပ်ဆောင်ကြတဲ့ မူဝါဒ တစိတ်တပိုင်းအဖြစ် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လူတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ညီမျှတယ်လို့ အခုအပတ် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြမယ့် စာမျက်နှာ ၁၇ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီတွေ့ရှိချက်တွေဟာ ထိခိုက်နစ်နာသူတွေ၊ မျက်မြင်သက်သေတွေ၊ အကူအညီပေးရေး လုပ်သားတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ အပါအဝင် လူ ၂၂၆ ယောက်နဲ့ အင်တာဗျူးတွေအပြင် ရာပေါင်းများစွာသော အတည်ပြုပြီးသား အွန်လိုင်းဗီဒီယိုတွေကို အခြေခံထားတာ ဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ယူကရိန်းတောင်ပိုင်း ရှေ့တန်းအနီးရှိ ဒေသ ၃ ခုနဲ့ နီးပရိုမြစ်ပေါ်က ရုရှားတပ်ဖွဲ့တွေဘက် တဖက်ကမ်းတို့မှာ ဖြစ်ပွားခဲ့တာပါ။

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် တချို့ဒေသတွေမှာ လူဦးရေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး တချို့နေရာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေသာ ကျန်ရှိတော့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မီးသတ်တပ်ဖွဲ့တွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ တခြား အရေးပေါ်တုံ့ပြန်သူတွေတောင် ထိခိုက်ခဲ့ရပြီး ဒေသခံတွေအနေနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေကို အလိုအပ်ဆုံးနေရာတွေမှာ ဆုံးရှုံးခဲ့ရကြောင်းလည်း ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ အခုခါ ၄ နှစ်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပြီး နှစ်ဖက်စလုံးကလည်း ငြင်းဆိုထားကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013