DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘုရင့်မယ်တော် ဈာပနသို့ အများပြည်သူများ စတင်ဖူးမြော်
DVB
·
October 27, 2025
ထိုင်းဘုရင့်မယ်တော် ဈာပနသို့ အများပြည်သူများ စတင်ဖူးမြော်
Donate to DVB

၂၀၂၅ အောက်တိုဘာ ၂၄ ရက်ညက နတ်ရွာစံသွားပြီဖြစ်တဲ့ လက်ရှိ ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး သီရိခေတ် (သက်တော် ၉၃) နှစ်ရဲ့  မဟာဈာပနကို တိုင်းသူပြည်သားတွေအနေနဲ့ ဒီကနေ့ မနက် ၈ နာရီကစပြီး စတင်ဖူးမြော်နိုင်ပြီ ဖြစ်ပါတယ်။

မယ်တော်ကြီးရဲ့ မဟာဈာပနကို ဘန်ကောက် ဖရနခွန်းနယ်မြေ မြဘုရားတည်ရှိရာ နန်းတော်တွင်းက ဆဟာထိုင်းဆမာခုမ်း ဇရပ်ဆောင်မှာ ထားရှိပြီး ဝင်ပေါက်မှာ ထမဆတ်တက္ကသိုလ် မျက်နှာချင်းဆိုင် တံခါးပေါက်နဲ့ ဖရရမ်းဥမင်တံခါးပေါက် ဆိုပြီး နှစ်ခု ဖွင့်ထားပါတယ်။

နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ထားပြီး တော်ဝင်မဟာဈာပနနဲ့ လျော်ညီစွာ ဝတ်စားဆင်ယင်ဖို့၊ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ထဘီ/စကတ်ကို ဒူးဆစ်အောက်အရှည်ထိ ဝတ်ဆင်ဖို့၊ ဘောင်းဘီဝတ်လာခြင်း ရှောင်ကြဉ်ဖို့၊ ဝတ်စားဆင်ယင် အဆင်မပြေသူတွေအတွက်  ဝင်ပေါက်မှာ အနက်ရောင်ထဘီ ငှားရမ်းဝတ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

အတွင်းပိုင်းမှာ ဝမ်းနည်းကြောင်း အမှတ်တရ ရေးသားနိုင်တဲ့နေရာ၊ မယ်တော်ကြီးရဲ့ ဘဝဖြစ်စဉ်  ဓာတ်ပုံနဲ့ ပန်းချီပြခန်း၊ သောက်ရေနဲ့ အစားအသောက် ကျွေးမွေးဧည့်ခံနေရာ၊ ရှေးဦးသူနာပြု နေရာတွေ ထားရှိပါတယ်။

နတ်ရွာစံသွားတဲ့ မယ်တော်ကြီးရဲ့ ဈာပနအခမ်းအနားကို တော်ဝင်ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ အကြီးကျယ်ဆုံး အခမ်းနားဆုံးကျင်းပဖို့  ဘုရင်းမင်းမြတ်က မိန့်ကြားထားပါတယ်။

မဟာဈာပနအခမ်းအနား အဆင်အပြင်တွေအတွက် ယဉ်ကျေးမှုအနုပညာဝန်ကြီးဌာနက တာဝန်ယူ ပြင်ဆင်သွားမှာဖြစ်ပြီး ကနုတ်ပန်းနွယ် စုလျစ်မွန်းချွန်တွေနဲ့ အလှဆုံးပြင်ဆင်ဖို့ ပန်းချီ၊ ပန်းပု၊ ပန်းပွတ် အစရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့  ဆောင်ရွက်နေတယ်လို့  ဆိုပါတယ်။

မယ်တော်ကြီး သီရိခေတ်ရဲ့ ရုပ်ကလာပ်တော်ကို အောက်တိုဘာ ၂၆ ရက် ညနေက ကျူလာလောင်ကွန်း ကြက်ခြေနီဆေးရုံကနေ မြဘုရား ရှိရာ နန်းတော်ကို သယ်ဆောင်ခဲ့ပါတယ်။

ရုပ်ကလာပ်ယာဉ်တန်းကို မဟာသံဃနာယကဆရာတော် ဦးဆောင်ပြီး ထိုင်းဘုရင်၊ မိဖုရား၊ သမီးတော်၊ မြေးတော်နဲ့ ဆွေတော်မျိုးတော်တို့ ခြံရံလိုက်ပါလာကြတယ်။

လမ်းတလျှောက်မှာ ဆေးရုံ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်းနဲ့ ပြည်သူပြည်သားတွေက စောင့်ဆိုင်းဖူးမြော်ကြပြီး အချို့က ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြပါတယ်။

ရုပ်ကလာပ်ထည့်ရာ ရွှေဗိမာန်ကို အမြင့်ဆုံးတော်ဝင်နွယ်မှသာ ဆောင်းခွင့်ရှိတဲ့ ထီးဖြူ ၇ ဆင့်  မိုးထားပါတယ်။ ဗိမာန်ထဲမသွင်းခင် သံဃာအရှင်သူမြတ်  ၉၃ ပါးကို ပင့်ဖိတ်ပြီး ရုပ်ကလာပ် ရေစင်သွန်း အခမ်းအနား ကျင်းပတယ်။ ဘုရင်၊ မိဖုရားနဲ့ ဆွေတော်မျိုးတော်တွေက ပန်း၊ ဆီမီး ကပ်လှူကာ ရေစင်သွန်းပြီး မယ်တော်ကြီးကို နှုတ်ဆက်ဂါရဝပြုတယ်။ အဆိုပါအခမ်းအနားမှာ မယ်တော်ကြီးကို ရည်စူးပြီး သံဃာ ၉၃ ပါးအား သင်္ကန်းကပ်လှူပြီး အသုဘတရားတော် နာယူပါတယ်။

မယ်တော်ကြီးရဲ့ ရုပ်ကလာပ်ကို တနှစ်တိတိ ထားရှိမှာဖြစ်ပြီး နေ့စဉ် သံဃာတော်တွေကို ဆွမ်းဆက်ကပ်တာ၊ အသုဘရှုတရားနာတာတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကလည်း ဘုရင့်မယ်တော် နတ်ရွာစံ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ရက်ပေါင်း ၃၀ ကြာ နိုင်ငံတော်အလံကို တိုင်တဝက်ချလွှင့်ထူဖို့၊   ဝမ်းနည်းခြင်းကာလ ၁ နှစ်သတ်မှတ်ပြီး အမှုထမ်း၊ အရာထမ်း၊ ဝန်ထမ်းတွေအနေနဲ့ အနက် (ဒါမှမဟုတ်) အဖြူရောင် ဝတ်စုံသာ ဝတ်ဆင်ဖို့၊  ပြည်သူတွေအနေနဲ့  ၃ လတာအတွင်း အနက်၊ အဖြူနဲ့ ဖျော့တဲ့အရောင်ဝတ်ဆင်ဖို့၊ ပွဲလမ်းသဘင်တွေကို ဝမ်းနည်းသောကာလနဲ့ လိုက်ဖက် လျော်ညီစွာသာ ကျင်းပဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒီရာသီဟာ တန်ဆောင်တိုင် မီးထွန်းပွဲ၊ ဆောင်းရာသီပွဲ၊ နှစ်သစ်ကူးပွဲတွေနဲ့ ပွဲလမ်းသဘင် ပေါများတဲ့ကာလ ဖြစ်ပေမဲ့ အချို့ပျော်ပွဲရွှင်ပွဲ တေးဂီတ‌ဖျော်ဖြေပွဲတွေတော့ ပြန်လည်ရုပ်သိမ်းသွားကြပါတယ်။

ထိုင်းတနိုင်ငံလုံး အစိုးရဌာန၊ ပညာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာလည်း  ဘုရင့်မယ်တော်ကို ရည်စူးပြီး ဂါရဝပြုတဲ့ အခမ်းအနားတွေ အသီးသီး ကျင်းပနေကြပါတယ်။

မယ်တော်ကြီး သီရိခေတ်ဟာ နတ်ရွာစံသွားပြီဖြစ်သော နဝမမြောက် ဘုရင်ကြီး ဘူမိဘောလ် အဒူယဒက်ရဲ့ မိဖုရားကြီးဖြစ်ပြီး သားတော်တပါး (လက်ရှိဘုရင်) နဲ့ သမီးတော် ၃ ပါး  ထွန်းကားပါတယ်။

ကျန်းမာစဉ်က ဘုရင်ကြီးနဲ့အတူ ထိုင်းနိုင်ငံနေရာအနှံ့ နယ်စပ်ဒေသပါမကျန် တိုင်းခန်းလှည့်လည်ပြီး တိုင်းသူပြည်သားတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးရေးတို့ကို မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါတယ်။

နဝမမြောက် ရာမဘုရင်မင်းဆက် ဘုရင်ကြီး ဘူမိဘောလ် အဒူယာဒက်မှာ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်တဲ့အ​လျောက် မိဖုရား သီရိ​ခေတ်ဟာလည်း ကမ္ဘာ့နန်းသက်အရှည်ဆုံး မိဖုရား​ခေါင်ကြီး ဖြစ်ခဲ့ပါတယ်။

Source: PPTV / Nation / MCOT

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013