
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးရဲ့ ဈာပနအခမ်းအနားကို မေ ၁၃ ရက် ဒီကနေ့ ကရင်နီလွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ KNPP သတင်းအချက်အလက်ဌာန (KnIC) က သတင်းထုတ်ပြန်ပါတယ်။
အသက် ၈၂ နှစ်အရွယ် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ နေထိုင်မကောင်းဖြစ်တာကြောင့် ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင် ဆေးရုံတခုမှာ တက်ရောက်ကုသစဉ် မေ ၁၀ ရက်က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ဈာပနအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်အတိုင်ပင်ခံကော်စီ (KSCC) စတဲ့အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ ကရင်နီပြည်သူတွေ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။
ခွန်းရီမာန်ထူးဟာ KNPP ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်ပြီး ကရင်နီအမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးတွေကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်။










