DVB Logo
Home
နိုင်ငံတကာ
အာဆီယံ ၄ နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် မြေရှားစာချုပ်များ ထရမ့်ပ် ချုပ်ဆို
DVB
·
October 27, 2025
အာဆီယံ ၄ နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် မြေရှားစာချုပ်များ ထရမ့်ပ် ချုပ်ဆို
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ အရှေ့တောင်အာရှ ၄ နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ အရေးပါတဲ့ မြေရှား သတ္တုသယံဇာတဆိုင်ရာ သဘောတူစာချုပ်တွေကို အောက်တိုဘာ ၂၆ ရက်မှာ ချုပ်ဆိုခဲ့ပါတယ်။

ကုန်သွယ်ရေးဘက်မညီမှုကို ကိုင်တွယ်ဖို့နဲ့ တရုတ်က မြေရှားတင်ပို့မှု ကန့်သတ်လိုက်ချိန်မှာ ထောက်ပံ့ကွင်းဆက် ကျယ်ပြန့်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အရှေ့တောင်အာရှနိုင်ငံတွေကို ပေးချင်တဲ့ သတင်းစကားက အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့နဲ့ ရာနှုန်းပြည့် အတူရှိနေပြီးတော့ အားကောင်းတဲ့ မိတ်ဖက်တယောက်၊ မျိုးဆက်နဲ့ချီတဲ့ မိတ်ဆွေတယောက် ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။

ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပွဲကိုလည်း သမ္မတထရမ့်ပ် တက်ရောက်ကြီးကြပ်ခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ထရမ့်ပ်ဟာ ထိုင်း၊ မလေးရှားတို့နဲ့ မြေရှားထောက်ပံ့ကွင်းဆက် ပူးပေါင်းဆောင်ရွက်ဖို့ သီးခြားစီ လက်မှတ်ထိုးခဲ့ပါတယ်။

တရုတ်ဟာ မလေးရှားမှာပါ မြေရှားထုတ်လုပ်ရေး ဆွေးနွေးနေပြီး မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဟာ တရုတ်ကုမ္ပဏီနဲ့ တွဲပြီးတော့ မလေးရှားမှာ သန့်စင်စက်ရုံဆောက်ဖို့ စီစဉ်နေပါတယ်။

ဒီလိုအချိန်မှာ မလေးရှားဘက်က အမေရိကန်ကို မြေရှားနဲ့ အရေးပါတဲ့ သတ္တုသံယဇာတတွေ တင်ပို့မှု ပိတ်ပင်တာမျိုး၊ ခွဲတမ်းသတ်မှတ်တာမျိုး မလုပ်ဖို့ သဘောတူခဲ့ပါတယ်။

ကမ္ဘာ့နံပါတ်တစ် မြေရှားတူးဖော် ထုတ်လုပ်သူဖြစ်တဲ့ တရုတ်က တင်ပို့မှုကို ထိန်းချုပ်လာတာကြောင့် ကမ္ဘာတဝန်းက ထုတ်လုပ်သူတွေဟာ တပိုင်းလျှပ်ကူးချစ်ပ်ပြားတွေ၊ လျှပ်စစ်ယာဉ်တွေနဲ့ စစ်ဘက်ကိရိယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးတဲ့ မြေရှားရရှိရေး တခြားထောက်ပံ့ရေး လမ်းကြောင်းတွေကို အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။

မလေးရှားမှာ မြေရှားသယံဇာတ တန် ၁၆ ဒသမ ၁ သန်းလောက် ရှိတယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်ရေးနည်းပညာ တိုးတက်ဖို့ ကြိုးပမ်းနေတဲ့ မလေးရှားဟာ မသန့်စင်ဘဲ အရိုင်းအတိုင်း တင်ပို့မှုကို ပိတ်ပင်ထားပါတယ်။

အမေရိကန်ဟာ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေး မူဘောင်သဘောတူညီချက်တွေ ချုပ်ဆိုခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေအရ အမေရိကန်က ပို့ကုန်တချို့အပေါ် စည်းကြပ်ခွန် သုည ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်ပါတယ်။

ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်တို့က အမေရိကန် မော်တော်ယာဉ် ဘေးကင်းရေးနဲ့ ထုတ်လွှတ်မှု စံနှုန်းတွေအတိုင်း ထုတ်လုပ်တဲ့ ယာဉ်တွေကို လက်ခံဖို့ သဘောတူခဲ့ကြပါတယ်။

ထိုင်းနိုင်ငံကလည်း အမေရိကန်လေယာဉ် အစီး ၈၀၊ ဒေါ်လာ ၁၈ ဒသမ ၈ ဘီလီယံဖိုး၊ စွမ်းအင် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖိုးနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖိုး နှစ်စဉ် ဝယ်ယူဖို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁၂၃ ဘီလီယံ ရှိခဲ့တဲ့ ဗီယက်နမ်ကလည်း အမေရိကန်ထုတ်ကုန်တွေ ပိုမိုဝယ်ယူပြီး ကွာဟချက် လျှော့ချဖို့ သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013