ယူဂန်ဒါနိုင်ငံအရှေ့ပိုင်းကို လေ့လာရေးခရီးသွားပြီး ပြန်လာတဲ့ ကျောင်းကားတစီး ဇူလိုင် ၁၆ ရက် ညပိုင်းက တိမ်းမှောက်ခဲ့လို့ ကျောင်းသူကျောင်းသား အယောက် ၂၀ သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြို့တော် ကန်ပါလာမှ ကင်းင်ဒေးဗစ်ဂျူနီယာစကူးလ်ပိုင်တဲ့ အဲဒီကျောင်းကားဟာ စီပီ ရေတံခွန်ကို လေ့လာရေးခရီးသွားပြီးအပြန် ကက်(ပ်) ချော်ရ်ဝါခရိုင်၊ ချက်ကွာတစ်ရွာအနီးမှာ တိမ်းမှောက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကားက အရှိန်တော်တော်ပြင်းပြင်းနဲ့ မောင်းလာပြီး ကျောက်တုံးတတုံးကို တိုက်မိခဲ့တာဖြစ်ပြီး ကားအမိုး လွင့်ထွက်ကာ ကလေးတွေပါတဲ့ ကားကြီး လျှောစောင်းအတိုင်း လိမ့်ဆင်းသွားတာလို့ မျက်မြင်သက်သေ တယောက်ကပြောပါတယ်။
အဲဒီနားက ဖြတ်သွားသူတွေနဲ့ ဆိုင်ကယ်သမားတွေ ဝိုင်းကူကြပြီး ဒဏ်ရာရတဲ့ ကလေးတွေကို အနီးဆုံးကျန်းမာရေးဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ဒီမတော်တဆမှုကြောင့် လူကြီး တယောက်လည်း သေဆုံးခဲ့ပြီး တခြားလူကြီး ၃ ယောက်နဲ့ ကလေးအတော်များများ ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆိုးကြောင့် ဝမ်းနည်းပူဆွေးမှုတွေ တတိုင်းပြည်လုံး ရိုက်ခတ်သွားသလို၊ လမ်းအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေကို မြှင့်တင်ပေးဖို့ လူမှုကွန်ရက်ပေါ်မှာ တောင်းဆိုသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်၊ သောကြာနေ့မှာတော့ အစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းလေ့လာရေးခရီးစဉ်တွေအားလုံးကို ပိတ်ပင်လိုက်ပါတယ်။
ယူဂန်ဒါနိုင်ငံမှာ ယာဉ်ကြောမတော်တဆမှုတွေဟာ ခဏခဏ ဖြစ်လေ့ရှိပြီး ယာဉ်တွေကို သေသေချာချာ ပြုပြင်ထိန်းသိမ်းမှုမရှိတာ၊ မဆင်မခြင် မောင်းနှင်တာနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ညံ့ဖျင်းတာတွေကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကန်ပါလာနဲ့ မြောက်ပိုင်းမြို့ဖြစ်တဲ့ ဂူလူကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ကျောင်းကားတစီး မှောက်ခဲ့လို့ လူ ၄၆ ယောက် သေဆုံးခဲ့ပါသေးတယ်။










