DVB Logo
Home
မြန်မာသတင်း
KK Park မှ ထိုင်းဘက်ထွက်ပြေးလာသည့် ကျားဖြန့်လုပ်သား  ၁,၇၀၀ နီးပါးရှိလာ (ဓာတ်ပုံ) 
DVB
·
October 24, 2025
KK Park မှ ထိုင်းဘက်ထွက်ပြေးလာသည့် ကျားဖြန့်လုပ်သား  ၁,၇၀၀ နီးပါးရှိလာ (ဓာတ်ပုံ) 
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park ဝင်းထဲက ကျားဖြန့် ငွေလိမ်ရာဇဝတ်ဂိုဏ်းကို စစ်ကောင်စီတပ်က ဝင်စီးမယ်လို့သတင်းရလို့ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာမှာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းထိ ၁,၆၆၇ ယောက် ရှိသွားပြီဖြစ်ပြီး AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်

ထွက်ပြေးလာသူတွေမှာ တရုတ်နိုင်ငံသား အများစုအပြင် ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ကနေဒါ၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက နိုင်ငံခြားသားတွေ ပါဝင်ပြီး ဒီနေ့ညအထိဆိုရင် ၂,၀၀၀ ကျော်ထိ ရောက်လာနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောတဲ့အကြောင်း သတင်းမှာဖော်ပြပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေထဲက နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်-၁ တံတားဘက်ကနေ ဝင်ရောက်လာသူတွေ ရှိသလို ရေလမ်းကနေလည်း တရားမဝင် ဝင်လာသူတွေရှိတယ်၊ တချို့က ရေထဲခုန်ချပြီး လက်ပစ်ကူး ဖြတ်ကျော်လာတယ်၊ အဲဒီလို ဖြတ်ကျော်နေစဉ် တရုတ်အမျိုးသား တယောက် ရေစီးနဲ့မျောပါသွားပြီး သေသည် ရှင်သည် မသိရသေးဘူးလို့ ဆိုပါတယ်။

မြဝတီမြို့ပေါ်မှာလည်း ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်သား နိုင်ငံခြားသားတွေ အများအပြားတွေ့ ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

KK Park မှာလည်း ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ကျားဖြန့်ဆိုင်ရာ သက်သေအထောက်အထားတွေ ဖျောက်ဖျက်ဖို့ နယ်ခြားစောင့်တပ်က တမင်ဖောက်ခွဲပစ်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

KK Park လုပ်ငန်းခွင်အတွင်း  မနေ့ ညနေ ၆ နာရီ ကျော်လောက်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြားရတယ်လို့  အနီးနားနေ ပြည်သူတယောက်က ပြောပါတယ်။ 

အဲဒီနေရာမှာ ဆိုလာပြားနဲ့ ဘယ်ထရီအိုးကြီးတွေအပြင် တခြား လျှပ်စစ်စက်ပစ္စည်းတွေ  အများအပြား ရှိနေပြီး စစ်ကောင်စီတပ်နဲ့  တခြား လက်နက်ကိုင် လုံခြုံရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တဲ့အတွက် ဘယ်သူ့လက်ချက်ဆိုတာ မသိရဘူးလို့လည်း ဒေသခံက ပြောပါတယ်။

စစ်တပ် တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၂၄ ရက်မှာ KK Park က ကျားဖြန့်ဂိုဏ်း နှိမ်နင်းမှု အခြေအနေကို လာရောက်စစ်ဆေးဖို့ရှိတယ်၊ ဒါကြောင့် လူကြီးတွေ ရောက်မလာခင် သက်သေအထောက်အထားတွေ ဖျောက်ဖျက်နေတာ ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုကို ထိထိရောက်ရောက် နှိမ်နင်းနေကြောင်း တရုတ်နိုင်ငံနဲ့တကွ လာမယ့် အောက်တိုဘာ ၂၆ မှ ၂၈ ထိ မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်ပြနိုင်ဖို့အတွက် အခုလို အချိန်မီ ဖမ်းဆီးနှိမ်နင်းပြနေတာလို့လည်း လေ့လာသူတွေ သုံးသပ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ကျားဖြန့် ဂိုဏ်းသားတွေဟာ တဖွဲဖွဲ ဝင်ရောက်နေဆဲဖြစ်လို့ သူတို့ကို နေရာချထားဖို့ စခန်းတွေ ထပ်မံတိုးချဲ့ဖို့ တာ့ခ်ခရိုင်ဝန်က ညွှန်ကြားထားကြောင်း အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013