DVB Logo
Home
မြန်မာသတင်း
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၅၀၀ နီးပါး ပျက်စီး
DVB
·
October 24, 2025
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၅၀၀ နီးပါး ပျက်စီး
Donate to DVB

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းပေါင်း ၄၇၀ ပျက်စီးခဲ့ပြီး  စစ်ကိုင်းတိုင်းက ၁၃၄ ကျောင်းနဲ့ အများဆုံး ပျက်စီးခဲ့တယ်လို့ DVB ဒေတာအဖွဲ့ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ညတုန်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက ဗုံတိုကျေးရွာ မူလတန်း စာသင်ကျောင်းအနီးမှာ ဆီးမီးထွန်းပြီး သပိတ်ပြုလုပ်နေစဉ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းလည်း အသုံးပြုလို့မရတဲ့အထိ ပျက်စီးခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းတာဝန်ခံ ကိုသန့်က “ချောင်းဦးမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ကတော့ ဗုံတိုရွာရဲ့ မူလကတန်း စာသင်ကျောင်းပေါ့နော်၊ လုံးဝသုံးလို့မရအောင် ပျက်စီးသွားပါတယ်။ စာသင်ကျောင်း ပျက်စီးသွားတဲ့အပေါ် သူတို့ပြန်ပြီး ကျောင်းအသစ် နေရာအသစ်ဆောက်ဖို့ ပြန်ကြိုးစားနေတယ်လို့တော့ သိရပါတယ်။ စစ်တပ်အနေနဲ့က ကလေးတွေရဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတာက သူတို့က အရင်ကတည်းက အကြောက်တရားရိုက်သွင်းပြီး သူတို့အာဏာတည်မြဲရေးအတွက် လုပ်နေတာပဲ။ သူတို့ရှိနေ သရွေ့ကတော့ ဒါမျိုးတွေ ကြုံနေရဦးမှာပဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သွားဖို့ ကျနော်တို့ ဆက်လုပ်သွားရမှာပေါ့” လို့ ပြောပါတယ်။

စာသင်ကျောင်း၊ မူကြိုနဲ့ သင်တန်းကျောင်းတွေ တိုက်ခိုက်ခံရမှုက စစ်ကိုင်းတိုင်းထဲမှာ ၁၃၄ ကျောင်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး မကွေးမှာတော့ ၅၃ ကျောင်း၊ မန္တလေးမှာ ၄၆ ကျောင်းနဲ့ ချင်းမှာတော့ ၄၅ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် ရခိုင်၊ ကရင်၊ ရှမ်း၊ ပဲခူး၊ ကချင်၊ ကယား၊ မွန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရန်ကုန်တို့မှာလည်း ထိခိုက်ပျက်စီးခဲ့ရတဲ့ ကျောင်းတွေ အများအပြားရှိခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ကျောင်းတွေကို ဦးတည်တိုက်ခိုက်မှုတွေကြောင့် ကြားကာလကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ အသက်အန္တရာယ်အတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်နေကြရတယ်လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံက ပြောပါတယ်၊

“စာသင်ခန်းတွေဟာ အင်မတန်မှအရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် ဒီကလေးတွေကို ကာကွယ်ဖို့ကလည်း ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ယနေ့စာသင်ခန်းထဲမှာ ရှိနေတဲ့ ဆရာ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေရဲ့ အသက်ကို ကျနော်တို့ အမြဲတမ်း နေ့စဉ်နဲ့အမျှ စိုးရိမ်နေရပါတယ်။ ဒီ့အတွက်လည်း စီမံချက်တွေ ရေးဆွဲပြီး အကောင်အထည်ဖော်နေရတယ်။ ဒါပေမဲ့လည်း ဒါက ပြည့်စုံလုံလောက်တဲ့ စီမံချက်တွေတော့မဟုတ်ဘူး။ ကာကွယ်ဖို့မဟုတ်ဘဲ ရှောင်တိမ်းဖို့လောက်ပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒီရှောင်တိမ်းရင်းနဲ့ တခါတရံမှာ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ ရှိခဲ့တဲ့အခါကျတော့ ကျနော်တို့မှာ နေ့စဉ်နဲ့အမျှစိုးရိမ်နေရပါတယ်။”

စစ်တပ်က လေယာဉ်၊ စက်တပ်ယာဉ် ပါရာမော်တာ၊ ဒရုန်းနဲ့ ဂျိုင်ရိုကော်ပတာတွေသုံးပြီး ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

စစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားဦးတည်တိုက်ခိုက်မှုဟာ တနှစ်ထက်တနှစ် ပိုများ လာတာ တွေ့ရပါတယ်။ 

တိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ခုမှာ ၅၅ ကျောင်း၊ ၂၀၂၂ ခုမှာ ၃၈ ကျောင်း၊ ၂၀၂၃ ခုမှာ ၆၂ ကျောင်း၊ ၂၀၂၄ ခုမှာ ၁၄၄ ကျောင်းနဲ့ အခုနှစ် အောက်တိုဘာ ၂၁ ရက်ထိ ၁၇၁ ကျောင်း ပျက်စီးခဲ့ပါတယ်။

ဝေဝေ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013