DVB Logo
Home
နိုင်ငံတကာ
ဆောင်းရာသီအမီ ဂါဇာကို စားနပ်ရိက္ခာပေးပို့ရန် ပြင်ဆင်
DVB
·
October 22, 2025
ဆောင်းရာသီအမီ ဂါဇာကို စားနပ်ရိက္ခာပေးပို့ရန် ပြင်ဆင်
Donate to DVB

ရာဖာနယ်ခြားဖြတ်ကူးရေးစခန်းကို ပြန်ဖွင့်ဖို့ အစ္စရေးက ထပ်ခါတလဲလဲ အချိန်ရွှေ့နေပြီး ဆောင်းရာသီ နီးကပ်လာတာနဲ့အမျှ စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ဆီ လိုအပ်တဲ့ ရိက္ခာတွေ ပြင်ဆင်ပေးပို့ဖို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက အချိန်လုနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က ဆိုပါတယ်။

အခု အီဂျစ်နိုင်ငံက ကယ်ဆယ်ရေးထရပ်ကားတွေဟာ ဂါဇာဆီ မဝင်ရောက်မီ ဂါဇာကမ်းမြောင် အရှေ့တောင်ပိုင်းက ခါရမ်း ရှလွန်းမ် နယ်စပ်ဖြတ်ကူးရေး စနစ်ကနေ လမ်းကြောင်းပြောင်းပြီး အစ္စရေးဆီမှာ အစစ်ဆေးခံနေပါတယ်။

အီဂျစ်နိုင်ငံ၊ ဂီဇာမြို့က ဂိုထောင်တခုမှာ ဆန်၊ ဂျုံမှုန့်၊ ဆား၊ သကြား၊ လက်ဖက်ခြောက်နဲ့ စည်သွပ်ဘူး စတဲ့ ပါလက်စတိုင်းတို့ အရေးတကြီးလိုတဲ့ ပစ္စည်းတွေ အပါအဝင် အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ပို့ဖို့ စုစည်းနေပါတယ်။

ဒီအခြေခံစားနပ်ရိက္ခာတွေဟာ ဂါဇာမှာ ရိက္ခာ ဆိုးဆိုးရွားရွား ပြတ်လပ်နေတဲ့ အရပ်သားတွေအတွက် အရေးကြီးတဲ့ အသက်သွေးကြောပါ။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူပြီးတဲ့နောက် အကူအညီပေးရေး အေဂျင်စီတွေဟာ နယ်မြေအတွင်း ပေါ်ပေါက်လာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်ရှားနိုင်ဖို့ ၂၄ နာရီပတ်လုံး လုပ်ဆောင်နေပါတယ်။

အီဂျစ်ဟာ အကြီးဆုံး လူသားချင်းစာနာမှု အကူအညီပေးရေး ယာဉ်တန်းကို ဂါဇာဆီ အောက်တိုဘာ ၁၂ ရက်က စေလွှတ်ခဲ့ပါတယ်။

ထရပ်ကားအစီးရေ ၄၀၀ ပါတဲ့ ဧရာမယာဉ်တန်းမှာ စားနပ်ရိက္ခာ၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ လောင်စာဆီတွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၉,၀၀၀ ကို သယ်ဆောင်လာခဲ့ပါတယ်။

ဆောင်းရာသီ နီးလာတာနဲ့အမျှ အအေးဒဏ်နဲ့ မိုးရွာသွန်းမှု တိုးလာလို့ ဂါဇာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ အရေးတကြီး ကိစ္စရပ်အသစ် ဖြစ်လာပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်တာအပြင် နွေးထွေးတဲ့ အမိုးအကာနဲ့ အထောက်အပံ့တွေဟာ အရေးကြီးတဲ့ လိုအပ်ချက်တွေ ဖြစ်လာခဲ့ပါတယ်။

ဒါကိုဖြေရှင်းဖို့ ထူထဲတဲ့ အဝတ်အစားတွေနဲ့ လေးလံတဲ့ စောင်တွေလို မရှိမဖြစ် ပစ္စည်းတွေကို အခု ဂိုထောင်တွေမှာ သိုလှောင်ထားပြီး ဂါဇာဆီပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဂါဇာက အဆောက်အဦ စုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်းလောက်ရှိတဲ့ အဆောက်အဦ အလုံး ၁၉,၀၀၀ ကျော်  ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး OCHA ရဲ့ စက်တင်ဘာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013