DVB Logo
Home
မြန်မာသတင်း
ပွဲလမ်းသဘင် ဆူညံသံများက လေကြောင်းရန်ကာကွယ်ရေး  အနှောင့်အယှက်ဖြစ်
DVB
·
October 22, 2025
ပွဲလမ်းသဘင် ဆူညံသံများက လေကြောင်းရန်ကာကွယ်ရေး  အနှောင့်အယှက်ဖြစ်
Donate to DVB

ပွဲလမ်းသဘင်တွေကထွက်တဲ့ ဆူညံသံတွေဟာ လေကြောင်းရန်ကာကွယ်ရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဘာသာရေး၊ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲတွေမှာ  ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲစတာ တွေနဲ့ ဖျော်ဖြေတာမလုပ်ဖို့  ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ပြည်သူလူထုစုဝေးနေတဲ့ နေရာတွေကို ဦးတည်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် သာရေးနာရေးပွဲတွေမှာ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲတွေ ထည့်သွင်းဖျော်ဖြေချင်းမပြုလုပ်ဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီပဲယင်းမြို့နယ်ထဲကို စက်တပ်လေထီးအပြင် ဂျက်ဖိုက်တာတွေနဲ့ ဗုံးသီးချတာ၊ လေကြောင်းတိုက်ခိုက်တွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘာသာရေး၊ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲတွေ ပြုလုပ်ကျင်းပရာမှာ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စတာတွေနဲ့ ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်း မပြုလုပ်ကြဖို့  တားမြစ်ထားတာပါ။

စစ်ကောင်စီတပ်အနေနဲလည်း ဒီပဲယင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ရေဦးမြို့နယ်ဘက်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “တလအတွင်းမှာ လူထိခိုက်တဲ့ အကြိမ်ရေ ၃ ကြိမ် ပစ်ခတ်ခံရတယ်။ ကျနော်တို့မြို့နယ်သည် လေကြောင်းပစ်ခံရမှု အကြိမ်ရေအားဖြင့်ဆိုရင် များနေတဲ့အတွက်ကြောင့်မလို့ ပြည်သူလူထု ထိခိုက်နစ်နာမှုက ရှောင်ဖို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။ ပြည်သူတွေကို‌တော့ တတ်နိုင်သရွေ့ရှင်းပြရတာပေါ့လေ။ ကျနော်တို့ ကန့်သတ်ဆောင်ရွက်ထားတဲ့ အလှူပွဲ၊ မင်္ဂလာပွဲတွေဆိုတာက ဧည့်ခံဆိုင်းတွေ၊ တီးဝိုင်းတွေ ပါလာရင် လူစုလူဝေးတွေ ပိုပြီးတော့ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ အလှူပွဲ မင်္ဂလာပွဲတွေဆိုတာက ဧည့်ခံဆိုင်းတွေ တီးဝိုင်းတွေ မထည့်ဘဲနဲ့ ဆောင်ရွက်ပေးကြဖို့ ထုတ်ပြန်ထားတာပါ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ‌တော်လှန်‌ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး သရုပ်ပြမှုတွေ လုပ်ဆောင်နေသလို ဗုံးခိုကျင်းတွေ တူးဖို့အတွက်လည်း ကူညီထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေကို အသိပေးဖို့ လေကြောင်းသတင်းတွေ ကင်းထောက်ရာမှာ နည်းပညာမြင့် စက်ကိရိယာတွေ မသုံးနိုင်ဘဲ လူအရင်းအမြစ်သုံးကာ အသံနားထောင်ပြီး သတင်းပို့ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် ပွဲလမ်းသဘင်တွေက ထွက်တဲ့ ဆူညံသံတွေဟာ လေကြောင်းရန်ကာကွယ်ရေးအတွက် အနှောင့်အယှက်ဖြစ်စေပြီး လေကြောင်းသတင်း အချိန်မီမပေးပို့နိုင်တဲ့အခါ ပြည်သူ ထိခိုက်သေဆုံးမှု များရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ဒေသတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အဲဒါတွေကို တန်ပြန်တိုက်ခိုက်ဖို့ မတတ်နိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် လူစုလူဝေးများတဲ့ ပွဲလမ်းသဘင်တွေကို တားဆီးတာက အထိအခိုက်နည်းစေတဲ့ ကာကွယ်နည်း တနည်းဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ တိုက်ခိုက်တဲ့အခါ ထိခိုက်မှုသက်သာအောင် ကာကွယ်ဖို့နည်းလမ်းတွေ  သုံးရတာပေါ့။ ဒီထဲက နည်းလမ်းတွေက လူစုလူဝေးများတဲ့ ပွဲတွေကို ကာကွယ်တားဆီးတာက အထိအခိုက်နည်းစေတဲ့ ကာကွယ်နည်းတနည်းပါပဲ။ စစ်တပ်က လူစုလူဝေးများတဲ့နေရာတွေကိုပဲ ပြည်သူများများသေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေတဲ့သဘောဆိုတော့ ဒါတွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပေါ့။ နောက်ပြီး အဲဒီပွဲလမ်းသဘင်တွေကထွက်တဲ့ ဆူညံသံတွေက လေကြောင်းကင်းထောက်ဖို့ တော်တော်အနှောင့်အယှက်ပေးတယ်။”  

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာမှာ ဆီမီးသပိတ် ကျင်းပနေချိန် စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂၄ ယောက် သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013