DVB Logo
Home
မြန်မာသတင်း
KK Park ကို စစ်တပ် ဝင်ရောက်စီးနင်းဟုဆိုသော်လည်း  ကျားဖြန့်လုပ်ငန်းများဆက်လုပ်နေ
DVB
·
October 21, 2025
KK Park ကို စစ်တပ် ဝင်ရောက်စီးနင်းဟုဆိုသော်လည်း  ကျားဖြန့်လုပ်ငန်းများဆက်လုပ်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီးက ကျားဖြန့်ငွေလိမ် လုပ်ငန်းလုပ်ကိုင်နေတဲ့ KK Park ကို စစ်တပ် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့ဆိုပေမဲ့ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတယ်လို့ ကျားဖြန့်လုပ်ငန်းနဲ့ နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ KK Park ရှိ နေအိမ်တလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းခဲ့ပေမဲ့ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတယ်လို့ ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့  နီးစပ်တဲ့ ဒေသခံက  ပြောပါတယ်။

“ကျားဖြန့်ကို စစ်တပ်ကဝင်ဖမ်းတယ်ဆိုတာက သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားတာ။ လက်ဝါးချင်းရိုက်ပြီးတော့ စစ်တပ်ကလာတယ်။ ဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက ဖယ်ပေးတယ်။ စစ်တပ်က ဝင်ဖမ်းတယ်။ ပြီးတော့ လိုအပ်တဲ့ အသုံးအဆောင်တွေ၊ Star Link တွေ၊ ကွန်ပျူတာတွေ သူတို့ဘာသာ သူတို့ စီစဉ်ထားကြတာပါ။ အဲဒါတွေ ဖမ်းပြတယ်။ အလုပ်သမားတွေ ရှောင်ခိုင်းတယ်။ စီမံချက်နဲ့ အဖမ်းပြတဲ့သဘောပါပဲ။ တကယ်ဖမ်းရင် နေရာတွေက အများကြီးဟာကို။ ဖမ်းရင် အကုန်လုံးဖမ်းဖို့ ဘယ်လွယ်မလဲ။ လက်ရှိအခြေအနေကတော့ စစ်တပ်က အဖမ်းပြပြီးတော့ သူတို့လိုချင်တာတွေ ရသွားတဲ့အခါကျတော့ ပြန်သွားတယ်။ ကျန်တဲ့နေရာကို ဘယ်မှ မသွားပါဘူး။ ဒီတကြောမှာက အွန်လိုင်းတွေက ရာနဲ့ ထောင်နဲ့ချီ ရှိတယ်။ ဒီလုပ်ငန်းတွေက ဆက်လက်လည်ပတ်နေတာပါပဲ။”

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို သောင်းရင်းမြစ်ကမ်းတလျှောက်က ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊  ဧက ၁၀၀၊  ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ် စတဲ့ မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး စစ်ကောင်စီတပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားပါတယ်။

စစ်တပ်က ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို အကုန်ဝင်ဖမ်းမယ်ဆိုရင် အာရှလမ်းကြီး ပြန်ပိတ်သွားနိုင်တဲ့အပြင် ကရင်ပြည်နယ်မှာ ပဋိပက္ခတွေ ပြန်ကြီးသွားနိုင်တယ်လို့  ကရင်အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌ တယောက်က ပြောပါတယ်။

“ဒါက အရေးပေါ်ကုထုံးလုပ်တယ်လို့ မြင်တယ်။ တကယ်တမ်း သူဖမ်းမယ်ဆိုရင် KK Park ထဲမှာ Star Link လေး ၃၀ လောက်နဲ့ KK Park က သွားကြားတောင် ထိုးမှာမဟုတ်ဘူး။ အကုန်လုံးကို ဝင်ဖမ်းမယ်ဆိုရင် အာရှလမ်းကြီး ပြန်ပိတ်သွားနိုင်တယ်။ ကရင်ပြည်နယ်မှာ ပဋိပက္ခတွေက ပြန်ကြီးသွားမှာပေါ့။ အဲလောက်ထိ သူလုပ်မှာ မဟုတ်ဘူး။ ဒါတွေက ကျနော်ထင်တယ်။ အကုန်လုံးကို ထိုးချမှာမဟုတ်ဘူး။ တကယ်လို့ ဝင်လာပြီး မဖြစ်မနေ အရေးယူရင် တခြားမှာ စစ်မျက်နှာဖွင့်တာထက်ကို ဒီမှာက ပိုခက်လိမ့်မယ်။ ပိုခက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် တကယ်ရင်ဆိုင်ရဖို့အတွက် KK Park ကို အသာလေး လှုပ်ရှားမှုတခုပြပြီးတော့ သူက ရပ်လိုက်တာ။”

စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ KK Park ရဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုကို ကရင်နယ်ခြားစောင့်တပ် (BGF) က တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ Justice for Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။

အခုလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးဖို့ BGF က ကြိုတင်သတင်းရရှိပြီး ဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အဲဒါကတော့ သူကတော့ စစ်ဆေးစရာရှိတဲ့နေရာကို သူက စစ်ဆေးမှာပေါ့။ အဲလို ပုံစံမျိုးနဲ့ ဝင်စစ်တာပဲ။ အဲဒီဟာကို ကြိုတင်ပြီး သတင်းအရတော့ သိမှာပဲ။ ဝင်စစ်မယ်ဆိုတာ။ အာဏာရလာပြီ။ မြဝတီမြို့ကို ထိုးဖောက်လာနိုင်ပြီဆိုတော့ နည်းနည်းသူဘက်က ပါဝါတွေပြလာတဲ့ ပုံစံမျိုးပေါ့။ ကျန်တဲ့နေရာတွေကိုလည်း သူ စစ်ချင်ရင် စစ်လို့ရတယ်ဆိုတဲ့ အနေအထားကို ပြတာ။”

KK Park စီမံကိန်းအတွင်း ဈေးဆိုင်တွေ၊ ဂိုထောင်တွေ၊ ဆေးခန်း၊ ဆောက်လက်စ အဆောက်အအုံ စုစုပေါင်း ၃၀၀ နီးပါးကို စစ်တပ်က စစ်ဆေးခဲ့ရာ အလုပ်သမား ၂,၀၀၀ ကျော်တွေ့ရှိခဲ့တဲ့အပြင် စတားလင့်ခ်အင်တာနက် စလောင်း အလုံး ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

KK Park စီမံကိန်းမှာ KNU က ခေါင်းဆောင်တွေ ကိုယ်တိုင်ပါဝင်တဲ့အပြင် အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

“KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။ ငွေကြေးရယူလိုမှုတခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ခဲ့တာဖြစ်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး မနေ့က သတင်းမှာလည်း ဖော်ပြီးဖြစ်ပါတယ်။ မြေနေရာနဲ့ ပတ်သက်ပြီး ခွင့်ပြုထားတာ၊ လုပ်ဆောင်တာ တရားဝင်တခုမှ မရှိကြောင်း တွေ့ရပါတယ်။ နောက်ပြီးတော့ အဲမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်ကစားလုပ်ငန်းတွေကိုလည်း အခကြေးငွေယူပြီး ကြေးစား ကာကွယ်မှုများ လုပ်ဆောင်ပေးနေတာလည်း  ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေနဲ့  နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူ လူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ။”

KK Park စီမံကိန်းကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာ၊ စစ်တပ်ဘက်က ပြောဆိုတာနဲ့ပတ်သက်ပြီး နယ်ခြားစောင့်တပ်(BGF) တာဝန်ရှိသူနဲ့ KNU တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ရာ အခု သတင်းထုတ်လွှင့်ချိန်အထိ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ 

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ကျားဖြန့်လုပ်ငန်းကနေ ငွေကြေးလိမ်လည်တာ၊ လူကုန်းကူးတာတွေကို နှိမ်နင်းဖို့ မြန်မာပြည်တွင်းက နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီကို ဖြတ်တောက်ထားတာ ဒီနေ့အချိန်အထိဖြစ်ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013