DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ရှိ ဈေးများတွင် ပလတ်စတစ်လျှော့ချမှု အစီအစဉ် ထိရောက်မှုမရှိ 
DVB
·
October 20, 2025
မန္တလေးမြို့ရှိ ဈေးများတွင် ပလတ်စတစ်လျှော့ချမှု အစီအစဉ် ထိရောက်မှုမရှိ 
Donate to DVB

မန္တလေးမြို့က ဈေးတွေမှာ ပလတ်တစ်လျှော့ချရေးအတွက် ဒဏ်ရိုက်ကြပ်မတ်ဖို့ ညွှန်ကြားထားပေမဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိလို့ ထိရောက်မှုမရှိဘူးလို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ 

မန္တလေးမြို့က ဈေးတွေမှာ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်တွေ မသုံးစွဲဖို့ စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားတာ ၂ လနီးပါး ရှိနေပါပြီ။

ဒီညွှန်ကြားချက်ကို ဈေးဝင်းတွေထဲမှာ လော်စပီကာနဲ့ တကြိမ်စီသာ ကြေညာခဲ့တာသာရှိပြီး  ပလတ်စတစ် လျှော့ချဖို့ ပညာပေးတာတွေ၊ ဆိုင်းဘုတ်ထောင် သတိပေးတာတွေနဲ့ အမှိုက် စနစ်တကျ စွန့်ပစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတာတွေတော့ မရှိဘူးလို့ ဈေးသည်တွေက ပြောပါတယ်။ 

တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်တွေ သုံးစွဲတာတွေ့ရင် သုံးစွဲသူကို ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ရိုက်တာတွေရှိပြီး ရောင်းချသူကိုလည်း ဒီထက်ပိုတဲ့ ဒဏ်ငွေရိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဈေးသည်တချို့ဟာ ဒဏ်ရိုက်ခံရတာ ရှောင်နိုင်ဖို့ တနင်္လာနေ့တိုင်း ဈေးတရက်နားတာတွေလည်း ရှိသလို ပလတ်စတစ် အရောင်းဆိုင်တွေကတော့ တနင်္လာနေ့တိုင်း ဆိုင်ပိတ်နေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

မန္တလေးမြို့ ပလတ်စတစ်လုပ်ငန်းရှင်တယောက်က “စည်ပင်က ကြွပ်ကြွပ်အိတ် ပလတ်စတစ် သုံးလို့မရပါဘူး၊ တခါသုံးခွက် ဖော့ဘူး သုံးလို့မရပါဘူး၊ ဘာတွေသုံးလို့ရလဲဆိုရင် recycle bag ဖော့အိတ်တွေ၊ ဝေဖာအိတ်တွေ အဲဒီလိုမျိုး သုံးလို့ရတယ်၊ တခြားဟာ သုံးလို့မရဘူးဆိုပြီး လာအော်သွားတာ၊ အဲဒီလို အော်ပြီးတဲ့နေ့ကစပြီးတော့ သူတို့က သုံးတဲ့သူကို လမ်းမှာတွေ့ရင် ၃၀,၀၀၀။ တနင်္လာနေ့တိုင်း ပိတ်နေရတာ တလ ကျော်သွားပြီ”လို့ ပြောပါတယ်။

မန္တလေးဈေးချိုထဲမှာ ဈေးဝယ်သူ တယောက်ကတော့ တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးရဆိုတဲ့ ကြေညာချက်ကို မသိလို့ သုံးစွဲမိတာကြောင့် ဒဏ်ငွေရိုက်တာ ခံလိုက်ရတယ်လို့ ဈေးဝယ်တယောက်က ပြောပါတယ်။

မန္တလေးမြို့ ဒေသခံတယောက်က “အဲဒီနေ့က အင်္ကျီဝယ်လာတာ၊ စည်ပင်က တနင်္လာ‌နေ့တိုင်း ပလတ်စတစ် မသုံးရ ကြေညာထားတာကိုလည်း မသိဘူး။ အဲဒီဝယ်လာတဲ့ အင်္ကျီကို ဆိုင်က ထည့်‌ပေးလိုက်တဲ့အတိုင်းပဲ ပလတ်စတစ်နဲ့ ထည့်လာတာ၊ အဲဒါကို စည်ပင်ဝန်ထမ်း ၆ ယောက်လောက်ရှိမယ်၊ ကိုယ့်ကို မြင်သွားပြီးတော့ ပလတ်စတစ် မသုံးရဘူး‌၊ ဒဏ်ငွေဆောင်ရမယ် ပြောတယ်၊ မဆောင်ချင်ရင် ဘယ်ဆိုင်က ထည့်ပေးလိုက်တာလဲဆိုတာ ပြောခိုင်းတယ်၊ ထည့်ပေးလိုက်တဲ့ဆိုင်ကို မပြောချင်လို့ ဒဏ်ငွေ ၃၀,၀၀၀ ပေးလိုက်ရပါတယ်။ အဲဒီလို ဖြစ်တာက သူတို့ ‌ဈေးထဲမှာ ကြေညာထားပြီး တပတ်လောက်လား မသိဘူး၊ မသိကြတဲ့သူ များတယ်၊ ဈေးထဲမှာ လာအော်သွားတာတဲ့၊ ဒဏ်ငွေ‌ဆောင်ပြီး အဲဒီ ပလတ်စတစ်အိတ်ကို မပစ်ပါဘူး၊ ဒီအတိုင်းပဲ ထည့်ပြီး အိမ်ကို သယ်သွားလိုက်တာပါပဲ၊ သူတို့ကလည်း ဘာမှ မပြောဘူး”လို့ ပြောပါတယ်။

ဈေးသည်တွေနဲ့ ဝယ်ယူသူတွေဟာ ‌ဈေးတွေထဲမှာ ပလတ်စတစ် လျှော့ချရေးအတွက် ပညာပေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရ စတဲ့ သတင်းအချက်အလက် ပေးတာတွေ မလုပ်တာကြောင့် သိရှိသူ နည်းပါးတယ်လို့ ပြောဆိုကြပါတယ်။

မန္တလေးဈေးတွေမှာ တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရဆိုပြီး သတ်မှတ်ထားတာ အခုဆို ၂ လနီးပါးလောက် ရှိနေပြီဆိုပေမဲ့ ပလတ်စတစ် သုံးစွဲမှုလျော့ကျသွားတာမျိုးလည်း မရှိတဲ့အတွက် သူတို့လုပ်တာဟာ မထိရောက်ဘူးလို့လည်း ဆိုကြပါတယ်။

မန္တလေးမြို့ ပလတ်စတစ်လုပ်ငန်းရှင်တယောက်က “ဒါကြီးကို မသုံးရဘူးဆိုရင် ပညာပေး၊ သေချာ ပညာပေးရမယ်၊ အမှိုက်တောင်းတွေ ချပေးရမယ်၊ ချပေးပြီးတော့ ပလတ်စတစ်ကို စနစ်တကျသုံးဖို့ ပညာပေးရေး နည်းစနစ်နဲ့ လာရမယ်၊ ဒီလို ဒီလို သုံးပေးပါ၊ သုံးပြီးရင် စနစ်တကျ စွန့်ပစ်ပါ ဆိုတဲ့ နေရာရောက်သွားရင် အောင်မြင်ပြီ။ သူတို့ ပညာပေးနဲ့ ဝင်လာရင် ကောင်းသေးတယ်၊ ပညာပေးနဲ့လည်း မဝင် ဘာနဲ့လည်း မဝင်၊ ငါက ဝင်စေချင်တာ ပညာပေးနဲ့ ဝင်စေချင်တာ၊ ငါတို့ကိုလည်း မရောင်းခိုင်းနဲ့” လို့ ပြောပါတယ်။

အခုလိုမျိုး တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲဖို့ ညွှန်ကြားထားတာက ဘယ်အချိန်ကာလအထိ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ မသိရသေးဘူးလို့လည်း ဈေးသည်တွေ ဆိုကြပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013