
အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေထူထပ်လှတဲ့ မြို့တော် ဂျကာတာ အလယ်ပိုင်းရှိ ဂျီအွန်းဈေးမှာ ဇွန် ၁ ရက် ညပိုင်းက အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္လာနေ့ ညနေပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးလောင်မှုကြောင့် ကောင်းကင်ယံတခုလုံးကို မည်းမှောင်နေတဲ့ မီးခိုးလုံးကြီးတွေ ဖုံးလွှမ်းသွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဘက်ကလည်း အကြီးစား မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
ရိုက်တာသတင်းဌာနက ရရှိထားတဲ့ ဒရုန်းရုပ်သံဖိုင်တွေအရ မီးလောင်မှုဟာ အတော်လေး ပြင်းထန်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဂျကာတာပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက X လူမှုကွန်ရက်စာမျက်နှာမှာ ဇွန် ၂ ရက်က ထုတ်ပြန်ချက်အရ အဲဒီမီးလောင်မှုဟာ တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန် ၂ ရက် မနက် အစောပိုင်းမှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဒီမီးလောင်မှုကြောင့် လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံပိုင် အန်တာရာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။










