
ထိုင်းဘုရင်ရဲ့ မိဖုရား စုသီတာဟာ ဂရစ်ပန်ဂျက်တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် တယောက်တည်း မောင်းနှင်ခဲ့တယ်လို့ ထိုင်းတော်ဝင်အိမ်တော်အုပ်ချုပ်ရေး ဗျူရိုက ထုတ်ပြန်ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံရှိ အမျိုးသမီးတွေအနက် ဆွီဒင်နိုင်ငံထုတ် ဂရစ်ပန်ဖိုက်တာ ဂျက်လေယာဉ် မောင်းနှင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။
မိဖုရား စုသီတာဟာ အောက်တိုဘာ ၈ ရက်က ဖိုက်တာဂျက်ကို ၄၁ မိနစ်ကြာ မောင်းနှင်ခဲ့တာ ဖြစ်ပြီး ဘုရင် မဟာဝချီလာလောင်ကွန်းက မြေပြင်ကနေ ကြည့်ရှုခဲ့ကြောင်း ထိုင်းတော်ဝင်အိမ်တော် အုပ်ချုပ်ရေးဗျူရိုက ပြောပါတယ်။
ဗျူရိုကထုတ်ပြန်တဲ့ ဗွီဒီယိုမှာ စုသီတာဟာ JAS 39 ဂရစ်ပန်တိုက်လေယာဉ်ကို Wing 7 လေတပ် အခြေစိုက်ဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆူရတ်သာနီပြည်နယ်မှာ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
ဂရစ်ပန်ဖိုက်တာဂျက်လေယာဉ် မောင်းနှင်ပြခဲ့တဲ့ မိဖုရားကို ဘုရင်က ပန်းစည်းနဲ့ လက်မောင်းတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ ဗျူရိုက ထုတ်ပြန်ပါတယ်။
စုသီတာဟာ ဩဂုတ် ၂၀ ရက်ကနေ စက်တင်ဘာ ၄ ရက်နဲ့ စက်တင်ဘာ ၂၅ ကနေ အောက်တိုဘာ ၈ ရက်အထိ ထိုင်းတော်ဝင်လေတပ်နဲ့ လေယာဉ်ပျံသန်းမှုတွေ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။
စုသီတာဟာ ၂၀၁၀ မေလ ကစပြီး လေယာဉ်မောင်းခဲ့သူဖြစ်ကာ လေယာဉ်မျိုးစုံ မောင်းနှင်ခဲ့သူ ဖြစ်ပြီး ပျံသန်းချိန် ၁,၁၈၈ နာရီရှိသူ ဖြစ်ပါတယ်။
မိဖုရား စုသီတာဟာ ဘိုးရင်း ၇၃၇ လေယာဉ် အပါအဝင် ၂၀၂၅ ခုနှစ် ဘူတန်ခရီးစဉ်မှာ ပူးတွဲ လေယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။
Source: Reuters
Photo: Royal Thai Air Force











