DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲက အဖြေမဟုတ်ဟု ထိုင်းသံအမတ်ဟောင်း သတိပေး
DVB
·
October 16, 2025
ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲက အဖြေမဟုတ်ဟု ထိုင်းသံအမတ်ဟောင်း သတိပေး
Donate to DVB

ပဋိပက္ခတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးလို့  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ဟောင်းက ပြောကြားပါတယ်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)  ၁၀ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတကာ ဧည့်သည်တယောက်အနေနဲ့ မိန့်ခွန်းပြောတဲ့အချိန်မှာ သံအမတ်ကြီးဟောင်း ဖိစနုဆူဝါနာဂျာတားက ပြောသွားတာပါ။

“ကျနော့်ရဲ့ ယုံကြည်ချက်ကို မျှဝေပါရစေ။ ရွေးကောက်ပွဲတခုတည်းက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဟာ တွေ့ဆုံဆွေးနွေးခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်ရပါမယ်။ အဲဒီလိုမှမဟုတ်ရင် မဲပုံးက အမာရွတ်တွေကို ကုစားပေးနိုင်မှာ မဟုတ်ပါဘူး။”

ငြိမ်းချမ်းရေးဟာ ကြေညာချက်နဲ့ အခမ်းအနားသက်သက် မဟုတ်ဘဲ ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ခံစားနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲကသာ ငြိမ်းချမ်းရေးဖြစ်တယ်လို့လည်း အဲဒီအခမ်းအနား မိန့်ခွန်းမှာ ထိုင်းသံအမတ်ဟောင်းက ပြောသွားပါတယ်။

ဒါ့အပြင် NCA ၁၀ နှစ်ပြည့် အခမ်းအနားကို အိန္ဒိယအစိုးရကိုယ်စားတက်လာတဲ့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး သျှရီအဘဟေးသာကူးကလည်း အပေးအယူတွေလုပ်မှ မြန်မာမှာ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ ပြောကြားသွားပါတယ်။

“သက်ဆိုင်သူအားလုံးက အလျှော့အတင်းတွေ၊ အပေးအယူတွေလုပ်မှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရနိုင်မှာ ဖြစ်ပါတယ်။”

မြန်မာမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာ နှစ်ပေါင်း ၇၀ ကျော်လာပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်တုန်းကမှ မဖော်ဆောင်နိုင်ခဲ့ဘဲ တကျော့ပြန် ပဋိပက္ခတွေကသာ သက်ဆိုးရှည်နေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပဋိပက္ခအတွင်းက စီးပွားရေးအကျိုးအမြတ်တွေနဲ့ ရပိုင်ခွင့်တွေအပေါ် သာယာသွားကြတဲ့အတွက် ပဋိပက္ခသံသရာဟာ အခုလို သက်ဆိုးရှည်နေရတာ ဖြစ်တယ်လို့ အခမ်းအနားကို တက်လာတဲ့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ပညာရှင်တချို့က ဆိုပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့အနေနဲ့ အေးချမ်းပြီး တိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့ လိုလားတယ်၊ တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူးလို့ ပြောပါတယ်။

“အေးချမ်းပြီး တိုးတက်တဲ့တိုင်းပြည် ဖြစ်ချင်တာ ကျနော့်ဆန္ဒပါ။ ဖြစ်နိုင်တာကို ကျနော့်ဘက်က လုပ်ပေးမယ်” လို့ စစ်ခေါင်းဆောင်က မနေ့က မိန့်ခွန်းမှာ ထည့်ပြောသွားတာပါ။

သူ့အနေနဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပြီး အနိုင်ရတဲ့ အစိုးရကို အာဏာလွှဲပေးမယ်လို့လည်း မနေ့ကမိန့်ခွန်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013