DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ဗင်နီဇွဲလား ဒီမိုကရေစီခေါင်းဆောင် မစ္စမာချာဒို ရရှိ 
DVB
·
October 10, 2025
၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ဗင်နီဇွဲလား ဒီမိုကရေစီခေါင်းဆောင် မစ္စမာချာဒို ရရှိ 
Donate to DVB

၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းခဲ့တဲ့ အတိုက်အခံခေါင်းဆောင် မစ္စ မာရီယာ ကိုရီနာ မာချာဒိုကို ရွေးချယ်ပေးအပ်လိုက်တယ်လို့ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ ကြေညာပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုတော့ ရဲစွမ်းသတ္တိရှိပြီး ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ခိုင်မာစွာ ရပ်တည်ပေးခဲ့သူတယောက်ကို ချီးမြှင့်လိုက်တယ်၊ တဖြည်းဖြည်းကြီးစိုးလာတဲ့ အမှောင်ထုကြားထဲက ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို မငြိမ်းသေအောင် ထိန်းသိမ်းပေးထားတဲ့ အမျိုးသမီးတယောက်ဖြစ်တယ်၊ ဗင်နီဇွဲလားပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရရှိဖို့နဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို တရားမျှတပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကြောင့် ဒီဆုကို ဆွတ်ခူးတာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

ဗင်နီဇွဲလား ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တယောက် အနေနဲ့ မစ္စမာချာဒိုဟာ မကြာသေးမီနှစ်တွေအတွင်း လက်တင်အမေရိကမှာ လူမှုရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့တဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်တယ်၊ သူဟာ တချိန်က အစိတ်စိတ်အမြွှာမြွှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအတိုက်အခံတွေကို စည်းလုံးညီညွတ်စေခဲ့တဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စမာချာဒိုဟာ နိုဘယ်လ်ဆုရဲ့ဖခင်ကြီး အဲလ်ဖရက်ဒ်နိုဘယ်လ်ရဲ့ သေတမ်းစာမှာပါတဲ့ ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်ဖို့ သတ်မှတ်ချက် ၃ ခုလုံးနဲ့ ကိုက်ညီနေပါတယ်။ သူဟာ သူ့နိုင်ငံရဲ့ အတိုက်အခံတွေကို စည်းလုံးညီညွတ်အောင် စုစည်းပေးခဲ့တယ်။ ဗင်နီဇွဲလား လူ့အဖွဲ့အစည်း စစ်အာဏာရှင်စနစ်အောက် ကျရောက်မှာကို ဘယ်သောအခါမှ မယိမ်းမယိုင် မဆုတ်မနစ် ဆန့်ကျင်ခဲ့တယ်။ ဒီမိုကရေစီစနစ်ဆီကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက်လည်း ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ သူဟာ ဒီမိုကရေစီရဲ့ လက်နက်ကိရိယာတွေဟာ ငြိမ်းချမ်းရေးရဲ့ လက်နက်ကိရိယာတွေပဲ ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခံရပြီး သူတို့ရဲ့အသံတွေကို နားထောင်တဲ့ မတူညီတဲ့ အနာဂတ်တခုဆိုတဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုနေတယ်လို့ ဆုပေးတဲ့အဖွဲ့က ပြောပါတယ်။

ဗင်နီဇွဲလားအစိုးရရဲ့ အာဏာကို တင်းတင်းဆုပ်ကိုင်ထားမှုနဲ့ ပြည်သူတွေကို ဖိနှိပ်မှုဟာ ကမ္ဘာပေါ်မှာ တခုတည်း မဟုတ်ဘူး၊ ဒီလိုဖြစ်စဉ်မျိုးတွေကို ကမ္ဘာတဝန်းမှာလည်း တွေ့မြင်နေရတယ်၊ တရားဥပဒေစိုးမိုးမှုကို အာဏာရှိသူတွေက အလွဲသုံးစားလုပ်တယ်၊ လွတ်လပ်တဲ့မီဒီယာတွေကို နှုတ်ပိတ်တယ်၊ ဝေဖန်သူတွေကို ထောင်ချတယ်၊ လူ့အဖွဲ့အစည်းတွေကို အာဏာရှင်စနစ်နဲ့ စစ်အုပ်ချုပ်ရေးဆီကို တွန်းပို့နေကြပါတယ်၊ ၂၀၂၄ ခုနှစ်မှာ အရင်ကထက်ပိုများတဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ပိုပြီး နည်းပါးလာတယ်လို့ နိုဘယ်လ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာရှင် အုပ်စိုးတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မစ္စ မာချာဒိုဟာ  ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားတဲ့ Súmate အဖွဲ့ကို တည်ထောင်သူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအတွက် ရပ်တည်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၄ ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံ သမ္မတလောင်း ဖြစ်ခဲ့ပေမဲ့ အာဏာရှင်အစိုးရက သူ့ကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မဲရုံစောင့်ကြည့်သူတွေအဖြစ် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီနှစ်အတွက် ဆုရမယ်လို့ ရေပန်းစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဆုနဲ့ လွဲချော်သွားပါတယ်။

ထရမ့်ပ်အပြင် ဟားမတ်စ်-အစ္စရေး ဇန်နဝါရီ ယာယီအပစ်ရပ်ဖို့ ကြားဝင်ပေးခဲ့တဲ့ ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်၊ အနောက်ဘက်ကမ်းနဲ့ ဂါဇာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အဲလ်ဘနိစ်၊ ကနေဒါ လူ့အခွင့်ရေးရှေ့နေ အာဝင်ကော့ဒ်လာ စသဖြင့် ရေးပန်းစားသူတွေလည်း အများအပြားရှိနေပါတယ်။ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းပေးတယ်ဆိုပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ကို ဆုအတွက်  အဆိုပြုထားသူတွေလည်း ရှိပါတယ်။

သမ္မတထရမ့်ပ်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လိုချင်တဲ့ဆန္ဒကို လျှို့ဝှက်မထားပါဘူး။ သူ တကျော့ပြန် သမ္မတဖြစ်ပြီး ၇ လအတွင်း စစ်ပွဲ ၇ ပွဲကို အဆုံးသတ်ခဲ့တာကြောင့် တလတခုနှုန်းလောက် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး နိုဘယ်လ်ဆုရသင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူကိုယ်တိုင် ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013