ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က သူကိုယ်တိုင် တရားစွဲထားတဲ့ အမှုတွေမှာရော သူ့ကို စွဲချက်တင်ထားတဲ့ အမှုတွေမှာပါ ဆက်တိုက်ဆိုသလို ရှုံးနိမ့်နေကြောင်း သိရပါတယ်။
ဒါပေမဲ့လည်း မတ်စ်ခ်ရဲ့ ကြွယ်ဝချမ်းသာမှုကြောင့် အခုလို ဆက်တိုက် အမှုရှုံးနိမ့်တာတွေ၊ လျော်ကြေးပေးပြီး ကျေအေးရတာတွေက သူ့ကို တရားတပေါင် ထပ်ရင်ဆိုင်ဖို့ ရပ်တန့်သွားစေမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
မေ ၁၈ ရက်က OpenAI ကုမ္ပဏီ အပါအ၀င် ပူးတွဲတည်ထောင်သူ ဆမ်အော့တ်မန်းကို ဒေါ်လာ ၁၅၀ ဘီလီယံ ရယူလိုမှုနဲ့ စွဲချက်တင်ထားတဲ့အမှု ပယ်ချခံလိုက်ရတာဟာ မတ်စ်ခ်အတွက် နောက်ဆုံးဖြစ်ရပ်တခုပါ။
၂၀၂၅ နှစ်ကုန်ပိုင်းမှာလည်း X ဆိုပြီး အမည်ပြောင်းထားတဲ့ Twitter လူမှုကွန်ရက်ရဲ့ အမှုဆောင်ဟောင်းတွေနဲ့ ဝန်ထမ်းဟောင်း ထောင်ပေါင်းများစွာက ပိုင်ရှင်အသစ်ဖြစ်လာတဲ့ မတ်စ်ခ်ကို တရားစွဲဆိုမှုအတွင်း လျော်ကြေးပေးခဲ့ရပါတယ်။
အဲဒီအမှုအတွက် နှစ်နဲ့ချီအောင် တရားရင်ဆိုင်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ ဒေါ်လာ ၆၂၈ သန်းနဲ့ ကျေအေးဖို့အတွက် သဘောတူခဲ့ရပါတယ်။
မကြာသေးတဲ့ မတ်လမှာဆိုရင် Twitter ကို လွှဲပြောင်းရယူခဲ့စဉ်က မတ်စ်ခ်ရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အထင်အမြင် လွဲခဲ့ရတယ်ဆိုပြီး တရားစွဲထားတဲ့အမှုအတွင်း ထပ်ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
အဲဒီတလတည်းမှာတင် X ပလက်ဖောင်းပေါ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ကြော်ငြာရှင်တွေကို မတ်စ်ခ် ကိုယ်တိုင် တရားစွဲခဲ့ပေမဲ့လည်း အမှုပယ်ချခံခဲ့ရပါတယ်။
OpenAI နဲ့ တရားခွင်မှာတော့ မတ်စ်ခ်ဟာ သတ်မှတ်ထားတဲ့ တရားစွဲဆိုခွင့် ကာလ ၃ နှစ်ထက် ကျော်လွန်နေတယ်ဆိုပြီး အမှုကို ဂျူရီလူကြီးအဖွဲ့က ပယ်ချလိုက်ပါတယ်။
ဒါကြောင့်ပဲ မတ်စ်ခ်က “အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကို လုယူပြီး နှစ်အနည်းငယ်လောက် သိုသိုသိပ်သိပ် ဖုံးကွယ်ထားနိုင်မယ်ဆိုရင် တရားဝင်ခိုးယူခွင့်လိုင်စင် အလကားရနိုင်ပါတယ်” ဆိုပြီး X ပေါ်မှာ ဝေဖန်ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အမှုကိုင်တွယ်ခဲ့တဲ့ တရားသူကြီးဟာ “ဆိုးရွားလှတဲ့ တက်ကြွလှုပ်ရှားသူ” ဖြစ်သလို ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အယူခံဝင်မယ်ဆိုပြီး မတ်စ်ခ်က ဖြည့်စွက်ပြောပါတယ်။
အလားတူ မတ်စ်ခ်ရဲ့ ပုံစံနဲ့ နှိုင်းယှဉ်လို့ရတဲ့ တယောက်တည်းသော လူသိများ ထင်ရှားသူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဖြစ်တယ်ဆိုပြီး ကိုလံဘီယာ ဥပဒေကျောင်း ပါမောက္ခ ဒေါ်ရသီလန်းက သူ့အမြင်ကို ပြောပြပါတယ်။











