DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်၌ စစ်တပ်က အင်အား ၁,၀၀၀ ခန့်ထပ်ဖြည့်ပြီး ထိုးစစ်ဆင် 
DVB
·
October 10, 2025
ဖားကန့်မြို့နယ်၌ စစ်တပ်က အင်အား ၁,၀၀၀ ခန့်ထပ်ဖြည့်ပြီး ထိုးစစ်ဆင် 
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ လက်လွှတ်လိုက်ရတဲ့ နေရာတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီ၊ မေလကနေ စတင်စစ်ကြောင်းထိုးလာကာ လက်ရှိမှာ စစ်အင်အား ၁,၀၀၀ ခန့် အင်အားတိုးချဲ့ထားပြီး စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းနေရာတွေကို ဦးတည်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဖားကန့်ဒေသခံက “မလန်းဘက် တိုက်ပွဲဖြစ်နေတာတော့ ၄-၅ ရက်ရှိပြီ။ လယ်ပြင်ယမ်းချက်စခန်းက စစ်ကောင်စီတပ်တွေက မလန်းဘက်ကို စစ်ကြောင်း ၂ ကြောင်း ၃ ကြောင်းခွဲပြီး လုံးခင်း-မလန်းရွာဟောင်း-ဂျန်ဂတ် လမ်းဘက်ကို စစ်ကြောင်းထိုးလာလို့ လောလောဆယ် မလန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ၄-၅ ရက်ရှိလာပြီ။ ၉ ရက်နေ့က ပြည်သူ ၂ ယောက် ထိခိုက်သေဆုံးတယ်လို့ သိရတယ်။ လက်နက်ကြီးပစ်တာရော လေကြောင်းဗုံးကြဲတာကြောင့်ရော။ လက်နက်ကြီးက နေ့တိုင်း နေ့နေ့ညညကို ပစ်တာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာလည်း ဂျက်တိုက်လေယာဉ်တစီးလာပြီး ဗုံးကြဲခဲ့သလို ပစ်ခတ်တာတွေလည်း လုပ်သွားတယ်လို့ ဒေသခံတွေက သိရပါတယ်။

မေ ၂၈ ရက်ကနေ အခု အောက်တိုဘာအထိ ဖားကန့်ဒေသထဲကို စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ နောက်ပိုင်း အရပ်သားပြည်သူတွေ တိုက်ပွဲအတွင်း သေဆုံးတာ၊ လက်နက်ကြီး ရမ်းပစ်ခတ်တာ၊ စစ်တပ်ရဲ့ လူသားဒိုင်းပြုလုပ်ခံရပြီး ပစ်သတ်ခံရမှု၊ သွားလာရင်း ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီးတော့ ဇူလိုင်လကတည်းကနေ သေဆုံးမှု ပိုပြီးမြင့်တက်လာနေပါတယ်။

ဖားကန့်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပြင် လက်နက်ကြီး၊ ဒရုန်း ရမ်းသန်း ပစ်ခတ်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး စစ်တပ် စစ်ကြောင်းထိုးလာတဲ့ ၄ လအတွင်း ပြည်သူ အယောက် ၉၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ ကျော်အထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်လတွေက မှော်ဆီစာကျေးရွာအနီး ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ မော်မောလယန်၊ အင်မိုင်းယန် စတဲ့ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကြောင်းတွေက အဲဒီနေရာတွေမှာသာ ဆက်ရှိနေပြီးတော့ စက်တင်ဘာလအတွင်းမှာ ဆန်းကြွယ်၊ မှော်သောင်းဘက်ကို ပြန်ပြီး တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်တပ်က ဖားကန့်အရှေ့ခြမ်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရစ်မြစ်တယောက်က ပြောပါတယ်။

“သူတို့ အဓိက ဖားကန့်အရှေ့ခြမ်း လုံးခင်းနဲ့ ဖားကန့်ကြားက အရှေ့ခြမ်းတွေကို စစ်ကြောင်းထိုးချင်တာ။ လုံးခင်း-မလန်း-ဂျန်ဂတ်ရွာဟောင်းကနေ ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးချင်တာ ထင်တယ်။ ဟိုတလောကတော့ ဖားကန့်အနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး မော်မောကုန်း၊ လမောင်ကုန်းဘက်ကို ထိုးစစ်ဆင်တာ မအောင်မြင်ခဲ့ဘူး။ ၄ လလောက်ကြာထိ ဆက်မထိုးနိုင်တော့ အဲ့ဘက်စစ်ကြောင်းက နားနေတယ်။ အဲ့ ဖားကန့်အနောက်ခြမ်းက ညောင်ပင်ကုန်းနဲ့ ဆန်းကြွယ်ကုန်းကတော့ သူတို့ ရထားပြီပေါ့။ အခုက အရှေ့ခြမ်းက ထိုးလာတော့ ဆိုင်းတောင်ကို ထိုးချင်တာဖြစ်မယ်။”

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်နေရာမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ကာလကြာရှည်စွာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဖားကန့်ဒေသမှာ ၁၀ လလောက် တိုက်ပွဲငြိမ်သက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်းပိုင်းမှာ  လဝါး-ကားမိုင်း လမ်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့ နောက်ပိုင်းမှာတော့ စစ်ရေး ပြန်တင်းမာလာတာပါ။

စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတောက်လျှောက်ဖြစ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ စစ်ဘေးရှောင်နေရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ စစ်ရှောင်ပြည်သူတချို့ မြစ်ကြီးနား၊ မိုးညှင်းဘက်တွေ ပြန်တိမ်းရှောင်ကြရပါတယ်။

ဖားကန့်ဒေသရဲ့ လူဦးရေထူထပ်ပြီး အဓိက အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ဖားကန့်မြို့တွင်း၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျေးရွာအုပ်စု နေရာတွေကို စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ နေရာရယူ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ဖားကန့်ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013