DVB Logo
Home
မြန်မာသတင်း
ILO အကြံပြုချက်များကို လိုက်နာဆောင်ရွက်နေဟု စစ်ကောင်စီပြော 
DVB
·
October 3, 2025
ILO အကြံပြုချက်များကို လိုက်နာဆောင်ရွက်နေဟု စစ်ကောင်စီပြော 
Donate to DVB

အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်နေတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၃ ချမှတ်ခံထားရပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ရဲ့ အကြံပြုချက်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အလေးထား လိုက်နာဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီက ILO ရဲ့ အကြံပြုချက် လိုက်နာဆောင်ရွက်နေတယ်လို့ ပြောဆိုတာဟာ ပြောင်ပြောင်တင်းတင်း လိမ်လည်တာပဲဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူ တယောက်က ပြောပါတယ်။

“ILO အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ရဲ့ ထောက်ပြချက်တွေကို ဘာတခုမှ အကောင်အထည်ဖော် ပြင်ဆင်တာ တွေ့လို့လဲ။ အနည်းဆုံး သာဓကတခုအနေနဲ့ ပြောရရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုသက်နှင်းအောင်ကို လွှတ်ပေးဖို့ နာမည်တပ် ပြောထားတာတောင် အခုအချိန်အထိ လွှတ်ပေးဖို့မပြောနဲ့၊ အဆက်အသွယ်တောင်မရဘူး။”

ဒါ့အပြင် ILO က ပုဒ်မ ၃၃ ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ သမဂ္ဂအဖွဲ့ဝင် ၉ ယောက်ကို စစ်ကောင်စီက ထပ်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

IndustriALL Global Union အလုပ်သမားသမဂ္ဂက ကမ္ဘာ့နာမည်ကြီး ထုတ်ကုန် အမှတ်တံဆိပ်တွေဖြစ်တဲ့  Bestseller ၊  Next နဲ့ Hunkemoller အပါအဝင် ပြည်ပကုန်ထုတ်လုပ်မှုလုပ်ငန်းအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ချေပတဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာ  ဖြစ်ပါတယ်။

IndustriALL Global Union က မြန်မာနိုင်ငံအနေနဲ့ ILO ပြဋ္ဌာန်းချက်အမှတ် ၈၇ ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်တာ၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ ဖြစ်တဲ့ အဓမ္မခိုင်းစေမှု ကျူးလွန်နေတာတွေကြောင့် ပြည်ပကုန်ထုတ်လုပ်မှုတွေ နိုင်ငံအတွင်းကနေ ထွက်သွားဖို့ စက်တင်ဘာ ၄ ရက်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ILO ရဲ့ ပြဋ္ဌာန်းချက် ၂ ရပ်ကို ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ တဖက်သတ် စွတ်စွဲ ပြောဆိုတာဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းတာကို မလိုလားတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေနေတာဆိုပြီး စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013