
ဘောလိဝုဒ်စူပါစတား ရှရွတ်ခန်းဟာ ခန့်မှန်းချေ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး သရုပ်ဆောင်စာရင်း ဝင်လာပြီး ပထမဆုံးအကြိမ် ဘီလီယံနာစာရင်း ဝင်ခဲ့ပါတယ်။
Hurun India Rich ၂၀၂၅ စာရင်းမှာ အသက် ၅၉ နှစ်အရွယ် ရှရွတ်ခန်း ပါဝင်လာတာဖြစ်ပြီး အာနိုး၊ ရီဟားနား၊ တိုက်ဂါးဝုဒ်၊ တေလာဆွစ်ဖ်တို့လို နာမည်ကျော် ဘီလီယံနာတယောက် ဖြစ်လာတာပါ။
ဘောလိဝုဒ် အချစ်ဇာတ်ကားတွေမှာ ဘုရင်တဆူအဖြစ် နာမည်ကျော်ခဲ့တဲ့ ခန်းဟာ ဟင်ဒီည ရုပ်ရှင်လုပ်ငန်းမှာ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းတခု ထူထောင်ကာ ခရစ်စကတ်အသင်းတသင်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
“ခန်းဟာ Red Chillies Entertainment နဲ့ Knight Rider Sports ခရစ်ကတ်အသင်းတို့ကို ပိုင်ဆိုင်ထားမှုကနေ ဘီလီယံနာတယောက် ဖြစ်လာတာပါ” လို့ ဘီလီယံနာစာရင်း ထုတ်ပြန်တဲ့ Huran India ပိုင်ရှင်က ပြောပါတယ်။
ရှရွတ်ခန်းဟာ ရုပ်ရှင်လုပ်ငန်းကနေ ဝင်ငွေရသလို ကြော်ငြာလုပ်ငန်းနဲ့ ကမ္ဘာတဝန်းလုံးမှာ အိမ်ခြံမြေ လုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားသူ ဖြစ်ပါတယ်။
ဘီလီယံနာစာရင်းမှာ ခန်း ပါဝင်လာခြင်းက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးရေး မောင်းနှင်မှုအတွက် အပြောင်းအလဲ ဖြစ်လာတယ် ဆိုတာကို ထင်ဟပ်စေပါတယ်လို့ Huran India ပိုင်ရှင်က ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ကုန်သွယ်မှု၊ နည်းပညာနဲ့ ဘဏ်လုပ်ငန်းတို့အပြင် အခြားကဏ္ဍက ဘီလီယံနာ စာရင်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
ဒီလိုဖြစ်တာဟာ အမေရိကန်မှာ ကြွယ်ဝချမ်းသာတဲ့ မိုက်ကယ်ဂျော်ဒန်၊ လီဘရွန်ဂျိမ်း၊ အော်ပရာဝင်းဖရေး၊ ဘီယွန်းစေး တို့လို နာမည်ကျော်ပုဂ္ဂိုလ်တွေဟာ လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်း လုပ်သူတွေလိုမျိုး ကြွယ်ဝချမ်းသာပုံမျိုးနဲ့ တူတယ်လို့လည်း Huran India ပိုင်ရှင်က ဆိုပါတယ်။
ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံးစာရင်းမှာ မင်းသမီး ဂျူဟီချာလာလည်း ဒေါ်လာ သန်း ၈၈၀ နဲ့ ပါဝင်လာတာ တွေ့ရပါတယ်။
မင်းသား ရစ်သတ်ရိုရှန်းက ဒေါ်လာသန်း ၂၆၀ နဲ့ ဒုတိယနေရာမှာ ရှိပြီး ဒါရိုက်တာ ကာရန်ဂျိုဟာက ဒေါ်လာသန်း ၂၀၀၊ မင်းသားကြီး အမီတာဘဂျမ်းက ဒေါ်လာ ၁၈၃ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီနှစ်အတွက် အိန္ဒိယနိုင်ငံမှာ ဘီလီယံနာ ၃၅၀ ရှိပြီး ထိပ်ဆုံးမှာ မူးကတ်အမ်ဘာနီနဲ့ ဂိုတန်အဒါနီတို့ ၂ ယောက်ပဲ ဦးဆောင်နေတယ်လို့ Huran India က ဖော်ပြထားပါတယ်။










