DVB Logo
Home
မြန်မာသတင်း
မလေးရှားက ဆိုက်ရောက်ဗီဇာ ပေးသော်လည်း မြန်မာလေဆိပ်က ပြည်ပထွက်ခွင့် တင်းကျပ်မှုကြောင့် စိုးရိမ်
DVB
·
October 2, 2025
မလေးရှားက ဆိုက်ရောက်ဗီဇာ ပေးသော်လည်း မြန်မာလေဆိပ်က ပြည်ပထွက်ခွင့် တင်းကျပ်မှုကြောင့် စိုးရိမ်
Donate to DVB

မလေးရှားနိုင်ငံက ဆိုက်ရောက် ဗီဇာ ၁၄ ရက် ခွင့်ပြုပေးထားပေမဲ့လည်း မြန်မာနိုင်ငံလေဆိပ်က ပြည်ပထွက်ခွာခွင့် အခြေအနေတွေကြောင့်  မလေးရှားသွားမယ့် လူငယ်လူရွယ်တွေ စိတ်ပူပန်မှုတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို အောက်တိုဘာ ၁ ရက်ကစလို့ ဆိုက်ရောက်ဗီဇာ ၁၄ ရက် အခမဲ့ဝင်ရောက်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက စက်တင်ဘာ ၂၅ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံလေဆိပ်မှာ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ချုပ်ချယ်မှုတွေ ရှိဆဲဖြစ်တဲ့အတွက် ဆိုက်ရောက်ဗီဇာနဲ့ မလေးရှားကိုသွားရောက်မယ့် လူငယ်တွေအတွက် စိတ်ပူရကြောင်း ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“ဗီဇာဖရီးတော့ မြန်မာပတ်စပို့ကိုင်တဲ့သူတွေကို ၂ ပတ်ပေးတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံ arrival အဝင်မှာ ဝင်လာတဲ့ ဧည့်သည်တွေရဲ့ လက်ထဲမှာ ပတ်စပို့ရယ်၊ လေယာဉ်အပြန်လက်မှတ်ရယ်၊ တကယ်စစ်မှန်တဲ့ ဟိုတယ်ဘွတ်ကင်၊ ဒီမှာ လိုက်လည်မယ့် ပိုက်ဆံ ပမာဏပေါ့။ သူတို့ ကြေညာထားသလိုမျိုး အဲဒီလိုမျိုး အချက်အလက်တွေ အကုန်ပါတယ် ဆိုရင်တော့ သူတို့ ပေးဝင်မယ်၊ ဒါက မလေးရှားနိုင်ငံ ဝက်ဘ်ဆိုက်မှာကို ကြေညာထားပါတယ်။ သူတို့ depend on the immigration officer decision ဆိုပြီး ရေးထားပါတယ်။ အစ်မတို့ ပတ်စပို့ကိုင်ထားတဲ့ လူငယ်တွေပေါ့၊ ကိုယ့်ပြည်တွင်းမှာလည်း ဘာပြဿနာရှိလဲဆိုတော့ ပတ်စပို့က အသစ်ဖြစ်နေတယ်၊ လူငယ်လည်း ဖြစ်နေတယ်၊ travel history လည်း ရှိမနေဘူးဆိုရင် လေဆိပ်က ပြန်ခိုင်းတဲ့ ပြဿနာမျိုးတွေက အခုထိ ရှိနေသေးတယ်။”

ထုတ်ပြန်ချက်ထဲမှာတော့ ကာလတို ၁၄ ရက်ထိ အများဆုံး လည်ပတ်နိုင်ပြီး လေဆိပ်အဝင်မှာ လေဆိပ် လ.ဝ.က ဝန်ထမ်းရဲ့ အတည်ပြုချက်နဲ့သာ ဝင်ရောက်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒီအတွက်ကြောင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံ ပြင်ဆင်သွားဖို့ သတိပေး ပြောပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ မြန်မာတွေအတွက်ကတော့ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးတဲ့အတွက် မိသားစုတွေကို အလည်အပတ်ခေါ်ဖို့အတွက် ပိုမိုလွယ်ကူလာပေမဲ့ ပြည်ပ ထွက်ခွာတဲ့နေရာမှာ အစစ်အဆေးတွေ တင်းကျပ်နေဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံ ပြည်ပထွက်ခွာရာမှာ တင်းကျပ်မှုတွေ ဖြေလျှော့ပေးဖို့ မျှော်လင့်နေကြပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က “ဒီ အောက်တိုဘာကနေ ဗီဇာမလျှောက်ရတော့ဘူး ဆိုတော့ တော်တော်လေး အဆင်ပြေသွားတယ်လို့ မြင်တယ်။ မလေးရှား immigration အဝင်မှာတော့ နည်းနည်းအခက်အခဲ တစုံတရာ ရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ခိုးဝင်ပြီး နေကြတဲ့သူတွေလည်း များတဲ့အခါကျတော့ နိုင်ငံဘက်က ထွက်ခွာတဲ့အချိန်မှာ အေးအေးဆေးဆေး ဖြစ်တယ် ဆိုရင်တော့ ဒီဘက်မှာလည်း အေးအေးဆေးဆေး ဖြစ်ပါတယ်။ စိတ်ပူတယ် ဆိုတာက ဥပမာ မလေးရှားဆိုလည်း အလုပ်သွားလုပ်လို့ရတဲ့ နိုင်ငံ၊ အဲဒီလိုလည်း ပြောလို့ရတယ်ဆိုတော့ ပြည်ပထွက်ခွာတဲ့အချိန်မှာ စစ်ဆေး မေးမြန်းတာတွေတော့ ရှိနိုင်မယ်ပေါ့။ လူငယ်တွေက လာချင်တဲ့အချိန်မှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ထွက်ခွာခွင့်ပေးရင်တော့ ပိုပြီး ကောင်းမယ် ထင်တယ်၊ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

လေကြောင်းလိုင်းက ဝင်ရောက်မယ့်သူတွေကိုသာ ဆိုက်ရောက်ဗီဇာ အခမဲ့ပေးမှာဖြစ်ပြီး တခြား နယ်စပ်နဲ့ ကုန်းကြောင်း ဝင်ရောက်မှုတွေအတွက်တော့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။

ဒီအတွက်ကြောင့် မလေးရှားနဲ့ကပ်လျက် စင်ကာပူနိုင်ငံက မြန်မာပတ်စပို့ ကိုင်ဆောင်ထားပြီး ရေရှည်နေနေတဲ့သူတွေအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က “စလုံးကနေ ကူးမယ်ဆိုရင် မြန်မာပတ်စပို့ ကိုင်သူတိုင်း ဗီဇာလိုတယ်၊ အရင်ကပေါ့နော်။ ဗီဇာက multiple entry ဗီဇာ ခြောက်လအတွင်းမှာ အကြိမ်များစွာ ဝင်လို့ရတယ်။ တခါနေရင် ရက် ၃၀ ရတယ်။ မြန်မာက ဝင်တဲ့သူတွေကျတော့ လေယာဉ်နဲ့ ဝင်ကြတာပေါ့။ ဒါပေမဲ့ စင်ကာပူ လာရင်းနဲ့ လျှောက်တဲ့သူတွေကျတော့ ဗီဇာလိုတယ်။ ကုန်းလမ်းကနေဆို ဗီဇာလိုတာပေါ့။ ဒါပေမဲ့ နောက်တခုက စင်ကာပူဘက်က မလေးရှားသံရုံးကို ဖုန်းဆက်မေးထားတယ်။ စင်ကာပူမှာ long term pass holder ကိုင်ထားတဲ့သူမျှန်သမျှက ကုန်းလမ်းပဲဖြစ်ဖြစ်၊ ရေလမ်းပဲဖြစ်ဖြစ် မလေးရှားကို ဆိုက်ရောက်ဗီဇာနဲ့ပဲ ဝင်လို့ရတယ်လို့ သတင်းတွေ ရေးနေကြတယ်” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံ ဆိုက်ရောက် ၁၄ ရက်ဗီဇာက လူမှုရေးအလည်အပတ် ကင်းလွတ်ခွင့်အတွက် ဖြစ်ပြီး သက်တမ်းတိုးနိုင်မှာ မဟုတ်သလို တခြားနေထိုင်ခွင့်ဗီဇာတွေကိုလည်း ပြောင်းနိုင်မှာမဟုတ်ကြောင်း သိရပါတယ်။

မြန်မာပတ်စပို့ကိုင်ဆောင်သူတွေကို ဆိုက်ရောက်ဗီဇာ (ဗီဇာကင်းလွတ်ခွင့်) ပေးထားတဲ့ နိုင်ငံက မလေးရှား အပါအဝင် ၁၄ နိုင်ငံရှိလာပြီဖြစ်ပြီး အနည်းဆုံး ၁၄ ရက်ကနေ အများဆုံး ရက်ပေါင်း ၆၀ ထိ အခမဲ့နေထိုင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013