
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြင်သစ်၊ ကနေဒါနဲ့ ဗြိတိန်တို့ဟာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ထောက်ခံတဲ့အကြောင်း နောက်တကြိမ် ပြသခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း ကလည်း ဂါဇာဒေသထဲကို အကူအညီတွေ မဝင်ရောက်နိုင်အောင် အစ္စရေးရဲ့ ကန့်သတ်ထားမှုဟာ ကမ္ဘာကြီးအတွက် “အရှက်ရစရာ” ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမှာ “ငြိမ်းချမ်းရေးရနေသလိုမျိုး တချို့ ကြွားဝါနေပေမဲ့လည်း ဒီငြိမ်းချမ်းရေးက လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေကို တစက္ကန့်တောင် ပြန်ဖွင့်ပေးနိုင်ခြင်း မရှိသေးပါဘူး” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
အခုလိုမျိုး “ကျုပ်တို့အားလုံး အရှက်ရစေတဲ့ အခြေအနေကို ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား၊ လုံး၀ မဖြစ်စေရဘူး” လို့ မက်ခွန်းက ထပ်ပြောပါတယ်။
ဒါ့အပြင် အနောက်ဘက်ကမ်းဒေသမှာပါ အစ္စရေးရဲ့ ချိုးဖောက်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်ဆိုပြီး မက်ခွန်းက ဝေဖန်သွားပါတယ်။
“အစ္စရေး လုံခြုံရေးအရဆိုပြီး အိမ်နီးချင်းနိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ဖို့ ပြောဆိုနေသူအားလုံး အမှားကြီး မှားနေပါပြီ။ အဲဒီလိုလုပ်မှသာ ဒီနေ့ရော မနက်ဖြန်အတွက် အစ္စရေးရဲ့ လုံခြုံရေးက ပိုမိုအားနည်းလာပြီး ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာမှာပါ” လို့ မှတ်ချက်ပေးပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး ကတော့ နှစ်နိုင်ငံ အတူယှဉ်တွဲနေထိုင်ရေး အလားအလာကို ဆက်ထိန်းထားနိုင်ဖို့ ပါလက်စတိုင်းအတွက် ဒေါ်လာ ၇၁ သန်း ကူညီမဲ့အကြောင်း အတည်ပြုပါတယ်။
ဒါဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ တိုက်ရိုက်ပေးအပ်နိုင်ဖို့ အပါအဝင် “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အထောက်အကူပြုဖို့” ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီထဲမှာ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်း ရဲတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးမဲ့ ကနေဒါရဲ့ နှစ်ရှည်စီမံကိန်းလည်း ပါဝင်ပါတယ်။
အစ္စရေးရဲ့ ဂါဇာစစ်ပွဲ စတင်ပြီးချိန်ကတည်းက ကနေဒါဟာ ပါလက်စတိုင်း အရပ်သားတွေကို ဒေါ်လာ ၄၂၆ သန်းအထိ အကူအညီပေးမယ်ဆိုပြီး ကတိပြုထားပါတယ်။
တချိန်တည်းမှာ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်နမ်က နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေး ဖြေရှင်းနည်းကို (Two-State Solution) အစဉ်တစိုက် ပြောဆိုလာကြပေမဲ့ တကယ်လက်တွေ့ အကောင်အထည်ဖော်တာမျိုး မရှိတဲ့အလျောက် နိုင်ငံရေးသမားတွေအပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း ထောက်ပြထားပါတယ်။











