DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဝန်ထမ်းများကို အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီပေးမည် 
DVB
·
October 1, 2025
စစ်ကောင်စီက ဝန်ထမ်းများကို အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီပေးမည် 
Donate to DVB

အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိဝန်ထမ်းတွေ၊ စစ်သားတွေကို အောက်တိုဘာလအတွက်ကစပြီး အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီ ထပ်ပေးမယ်လို့ စစ်ကောင်စီဩဇာခံ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိဝန်ထမ်းတွေနဲ့ ကြည်း၊ ရေ၊ လေ စစ်သားတွေအတွက် တလ ကျပ် ၃၀,၀၀၀ စီ အပိုထောက်ပံ့ကြေးကို ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ်၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်မှာ ဒုတိယအကြိမ် ပေးခဲ့တာကြောင့် အခုအကြိမ်နဲ့ဆိုရင် စုစုပေါင်း ကျပ် ၉၀,၀၀၀ ရရှိလာမှာ ဖြစ်ပါတယ်။

အငြိမ်းစားယူဖို့ ကြိုတင်ပြင်ဆင်ခွင့် ၄ လအတွက်၊ လစာပြည့် ဒါမှမဟုတ် လစာဝက် စတဲ့ လစာငွေရနေတဲ့ တခြားခွင့်ခံစားနေတဲ့ကာလအတွင်း အပိုထောက်ပံ့ကြေးခံစားခွင့် ရှိသလို ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အထက်တန်းကျောင်းတခုခုမှာ စည်းကမ်းချက်တွေနဲ့ တက်နေတဲ့ ဝန်ထမ်းတွေ၊ ရာထူးကခဏချထားပြီး  နေထိုင်စားသောက်မှုစရိတ် ရနေတဲ့ ဝန်ထမ်းတွေ၊ ပုံသေလစာရတဲ့ ဝန်ထမ်းတွေဟာ အပိုထောက်ပံ့ကြေးရမှာဖြစ်ပေမဲ့ နိုင်ငံခြားပညာသင် သွားနေတဲ့ ဝန်ထမ်းတွေကတော့ သွားနေတဲ့ကာလအတွင်း မရဘူးလို့ ဆိုပါတယ်။

နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခကို အလုပ်ချိန် တနေ့ ၈ နာရီအတွက် လက်ရှိ သတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်မှာ ကျပ် ၁,၀၀၀ စီ ၂ ကြိမ် အပိုထောက်ပံ့ကြေး ပေးခဲ့ပြီးဖြစ်လို့ အခုတော့ ကျပ် ၃,၀၀၀ စီ အပိုရရှိတော့မှာဖြစ်ပြီး စုစုပေါင်း တနေ့လုပ်ခ ၇,၈၀၀ ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန်ထရိုက်၊ ပုတ်ပြတ်နဲ့ အချိန်ပိုင်းဝန်ထမ်းတွေကတော့ အပိုထောက်ပံ့ကြေးရမှာ မဟုတ်ပါဘူး။

အငြိမ်းစားဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအတွက် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လကစလို့ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီပေးခဲ့လို့ အခုဆိုရင် ကျပ် ၆၀,၀၀၀ စီ ရရှိတော့မှာ ဖြစ်ပါတယ်။

အငြိမ်းစားဝန်ထမ်းတယောက်က "ကုန်စျေးနှုန်းက လစာ မတိုးခင်ကပဲ တိုးနေတာ။ အခု ရတဲ့ပင်စင်က ၁၆၀,၀၀၀၊ ကုန်တဲ့ ဆေးဖိုးက ၂ သိန်းကျော်၊ ပြေးသူနဲ့လိုက်သူ လိုက်သူမမီ ဖြစ်နေတာပေါ့" က ပြောပါတယ်။

နိုင်ငံခြားကို ရောက်နေတဲ့ အငြိမ်းစားတွေက ဒီထောက်ပံ့ကြေးရမှာမဟုတ်ဘဲ ပင်စင်တခုထက် ပိုယူနေသူတွေကလည်း ပင်စင်စုစုပေါင်းရဲ့အပေါ်မှာပဲ ဒီထောက်ပံ့ကြေးရမယ်လို့ ဆိုပါတယ်။

ဒီထောက်ပံ့ကြေးကို တလုံးတည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုမှာမဟုတ်ဘဲ မိသားစုပင်စင် ခံစားနေသူတွေအတွက်လည်း ရနေတဲ့ပင်စင် စုစုပေါင်းအပေါ်မှာပဲ ခံစားခွင့်ပြုမယ်လို့ ဆိုပါတယ်။

တလမှာ ကျပ် ၃၀,၀၀၀ စီတိုးပေးတယ်ဆိုပေမဲ့ လက်ရှိ ကုန်ဈေးနှုန်းတွေကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ ယှဉ်မယ်ဆိုရင် အဆမတန်မြင့်တက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013